တရုတ်နိုင်ငံ ရှန်းရှီးပြည်နယ်တွင် ယမန်နေ့အစောပိုင်းက နောက်တွဲပါကုန်တင်ယာဉ်တစ်စင်းသည် လမ်းမပေါ်ရှိ လူအများအပြားအားတိုက်မိခဲ့ရာ ၁၉ ဦးသေဆုံးခဲ့ပြီး အခြား  လူ၂၀ ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်တရုတ်ရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့သည်။

အဆိုပါယာဉ်မတော်တဆမှုသည် နန်ချန်းမြို့အပြင်ရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့မနက် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူအများအပြားသည် ဒေသခံရွာသားများဖြစ်သည်ဟု သိရသည်။

ထိုရွာသားများသည် လူသွားလူလာနည်းပါးချိန်ဖြစ်သည့် မိုးသောက်ချိန်တွင် ဈာပနပြုလုပ်ရန် မီးသင်္ဂြိုဟ်သည့်စက်ရုံဆီသို့ သွားနေခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာတွင် ဖော်ပြထားသည်။

မီးသင်္ဂြိုဟ်သည့်စက်ရုံတွင် တန်းစီးသူများပြားနေသဖြင့် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့်ဆက်စပ်ပြီး သေဆုံးသူများ မြင့်တက်လာသည်ဟုယူဆရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို