တရုတ်နိုင်ငံရှိ ကျောင်းတွေနဲ့ ရုံးတွေမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး လုပ်ဆောင်

၃ မေ

 

တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီကြီး ရှင်နာရဲ့  ဘေဂျင်းရုံးရှိ လုပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရန် အခန်းတစ်ခန်း စီစဉ်ပေးထားသလို ကျောင်းသူကျောင်းသားတွေကို ပိုးစစ်ဆေး၊ နမူနာယူပြီးမှ ကျောင်းခန်းထဲကို ဝင်ခွင့်ပေးပါတယ်။

 

အလားတူ နိုင်ငံတွင်းက ပြည်နယ်တစ်ခုကနေ တစ်ခုကို ခရီးသွားမယ့်သူတွေကိုလည်း ရောဂါပိုးစစ်ဆေးခံပြီးမှ သွားခွင့်ရှိတာကို တွေ့ရပါတယ်။

 

ပုံမှန်အခြေအနေပြန်လည် ရောက်ရှိရေးအတွက် တရုတ်နိုင်ငံတစ်ဝန်းမှာ ကုမ္ပဏီတွေ၊ ကျောင်းတွေဟာ ဗိုင်းရပ်စ်ပိုး စမ်းသပ်ရေးကို အထူးပြုလုပ်နေတာကို တွေ့ရပါတယ်။

 

ဇီဝနည်းပညာကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်ပိုးစမ်းသပ်ရေး ပစ္စည်းတွေကို မှာယူသူတွေ တစ်နေ့တခြား များပြားလာတာကို တွေ့ရပါတယ်။ အဲဒီကထွက် လာမယ့်အဖြေက တိကျမှုရှိမရှိဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပေမယ့် ပစ္စည်းတွေ ပိုမိုထုတ်လုပ်ရန် အစိုးရက တွန်းအားပေးနေကြောင်း သိရပါတယ်။

 

တစ်ဦးချင်းဆီ ဗိုင်းရပ်စ်ပိုးစစ်ရန် နျူးရစ်အက်ဆစ် စမ်းသပ်ရေး ပစ္စည်းကို အလီဘာဘာနဲ့ ဂျေဒီအွန်လိုင်းဈေးကနေ မှာယူမယ်ဆိုရင် ဘေဂျင်းမြို့ရှိဟိုတယ်နှစ်ခု အပါအဝင် မှာယူသူရဲ့ လိပ်စာအရောက် တစ်ခုကို အမေရိကန်ဒေါ်လာ ၂၈ နဲ့ ၃၆ ဒေါ်လာ တန်ဖိုးရှိကြောင်း သိရပါတယ်။

 

နျူးရစ်အက်ဆစ်နဲ့ ဗိုင်းရပ်စ်ပိုးစမ်းသပ်မှု အဖြေဟာ ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိ မှန်ကန်ကြောင်း ရောဂါထိန်းချုပ်ရေး ဗဟိုအဖွဲ့အကြီးအကဲ ဝမ် ဇန်ယူးက  CCTV သတင်းဌာနကို ပြီးခဲ့ရက်ပိုင်းအတွင်းက ပြောကြားခဲ့ပါတယ်။

 

ဝီဘို ဆိုရှယ်မီဒီယာရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ နည်းပညာကုမ္ပဏီ ရှင်နာ မှာ လုပ်သားတွေဟာ ဗိုင်းရပ်စစ်ဆေးခံရကြောင်း သိရပါတယ်။ အထူးသဖြင့် အထူးအခန်းကို ဝင်မယ်ဆိုတိုင်း ဗိုင်းရပ်စစ်ဆေးခံရကြောင်း သိရပါတယ်။

 

ဘေကျင်း မြို့ကို တခြားမြို့တွေက ဖြတ်သန်းသွားမယ့် သူတွေနဲ့ စီးပွားရေးခရီး လာရောက်သူတိုင်း ဗိုင်းရပ်စ်ပိုး စစ်ဆေးခံပါတယ်။

 

ဂွမ်ဇူး ပြည်နယ်မှာ တက္ကဆီကားမောင်းသူ ၃၀,၀၀၀ ကျော်နဲ့အတူ ဆရာ၊ ဆရာမ နဲ့ ကျောင်းသူကျောင်းသားပေါင်း ၂၀၈,၀၀၀ လည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးပြီးကြောင်း သိရပါတယ်။

 

ရှန်ဟိုင်းမြို့မှာလည်း ဗိုင်းရပ်စ်စစ်ဆေးဖို့ သိပ်လွယ်ကူကြောင်း၊ ဗိုင်းရပ်စ်စစ်ဆေးတဲ့နေရာကို သွားရောက် တန်းစီခဲ့မယ်ဆိုရင် မိနစ် ၂၀ အတွင်း အလှည့်ရောက်နိုင်ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံမှာ (၂၄) နာရီအတွင်း လူနာသစ် (၁)ဦးသာတွေ့ရှိပြီး ဗိုင်းရပ်စ်ပိုးရှိသူပေါင်း ၈၂,၈၇၅ ဦးနဲ့ သေဆုံးသူ လူနာသစ်မရှိဘဲ ၄,၆၃၃ ဦးသာရှိနေကြောင်း မတ်၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MND
ကိုးကား - AFP