၂၀ ဇွန်

တရုတ်နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း ရောင်းချရေး တရုတ်အစိုးရပိုင် အဖွဲ့ဖြစ်သည့် COFCO နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF တို့ နားလည်မှုစာချွန်လွှာ MoU ကို ယနေ့တွင် ဘေဂျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က ပြောသည်။

ထိုသို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းမှာ MRF အနေဖြင့် COFCO အား မြန်မာ့ ဆန်စပါးဈေးကွက် သတင်းအချက်အလက်ပေးရန်နှင့် မြန်မာ့ဆန်ဝယ်ယူသည့်ကိစ္စအပေါ်  ကူညီပေးရန်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

COFCO အနေဖြင့် အရောင်းအဝယ်အတွက် တရုတ်ဘက်မှ ရွေးချယ်လက်ခံထားသည့် ကုမ္ပဏီ ၁၁ ခု နှင့် တိုက်ရိုက်ညှိနှိုင်းပြီး အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ လတ်တလော ကုမ္ပဏီ ၁၁ ခုနှင့်သာ တင်ပို့ရောင်းချနိုင်မည် ဖြစ်သော်လည်း မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ စိစစ်ရွေးချယ်မည့် ကုမ္ပဏီများအနက် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံဘက်မှ လက်ခံပါက ဆက်လက် တင်ပို့ ခွင့်ရမည်ဖြစ်ကြောင်း  ဦးရဲမင်းအောင် က ထပ်မံပြောကြားသည်။

လက်ရှိ မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)အဖွဲ့အနေဖြင့် လျှောက်ထားသည့် ကုမ္ပဏီ ၄၂ ခု၏ ဆန်စက် စုစုပေါင်း ၁၀၃ စက်အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရွေးချယ်ရေးကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ ကြီးကြပ်ရေးအဖွဲ့မှ အပြီးသတ်ရွေးချယ်ခြင်းကို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လာမည့် ဇူလိုင်လဆန်းအတွင်း တရုတ်နိုင်ငံဘက်သို့ အကြောင်းကြားပေးပို့ခြင်းကို ကြီးကြပ်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

အသင်းချုပ် နှင့် COFCO သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် တန် (၁) သိန်း အတွက် ပထမအကြိမ် MoU ရေးထိုးခဲ့ပြီး ယခု တန် (၁) သိန်း အတွက် လက်မှတ်ရေးထိုးခြင်းမှာ ဒုတိယအကြိမ် ရေးထိုးခြင်း ဖြစ်ကြောင်း၊  ပထမအကြိမ် တန် (၁) သိန်း အတွက် ၂၀၁၄ စက်တင်ဘာတွင် သမ္မတကြီး ဦးသိန်းစိန် နှင့် တရုတ် ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုမှ ရရှိခဲ့သော Quota ဖြစ်ပြီး ယခု ဒုတိယအကြိမ် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ် သမ္မတ တို့၂၀၁၉ ဧပြီ တွေ့ဆုံမှု မှ ရရှိသော ဒုတိယအကြိမ် Quota တန် (၁)သိန်း ဖြစ်ကြောင်း၊ ၂၀၁၆, ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံမှ Quota ခွဲတမ်း ရရှိခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

MRF အနေဖြင့် ဆန်စပါးဈေးကွက် တည်ငြိမ်စေရန်၊ ပို့ကုန် တိုးမြှင့်စေရန် ကြိုးပမ်းလျက်ရှိပြီး ဈေးကွက် လမ်းကြောင်း ပိတ်နေသည့် နိုင်ငံများကိုလည်း ဈေးကွက်ဝေစုရရန်  MRF အနေဖြင့် ဆောင်ရွက်ပြီး အရောင်းအဝယ်ကိစ္စများကို ပုဂ္ဂလိက ကုမ္ပဏီများမှ ဝယ်သူရောင်းသူတို့နှင့် ညှိနှိုင်းကာ စာချုပ် ချုပ်ဆိုကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့်နှစ်များတွင်လည်း G to G ညှိနှိုင်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ပြီး မြန်မာနိုင်ငံမှ ပဲ၊ ပြောင်း၊ နှမ်း၊ ငါးပုဇွန် တို့အတွက်B to B level ညှိနှိုင်းမှု, G to G ညှိနှိုင်း မှုရှိမှသာ ဈေးကွက် ဝေစုရမည် ဖြစ်သဖြင့် အစိုးရ နှင့် ပုဂ္ဂလိကတို့ဟန်ချက်ညီညီ PPP စနစ်ဖြင့် ရှေ့ဆက်ရန် လိုအပ်ကြောင်း  ဦးရဲမင်းအောင် က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ကူမင်းမြို့၌ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ညှိနှိုင်း၍ မူဆယ်နယ်စပ်တွင် ပိတ်မိနေသော ဆန်များအနက် ဆန်တန်ချိန် တစ်သောင်း(အိတ်ရေ နှစ်သိန်း)ကို တရားဝင်ရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှုတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အဓိက တင်ပို့ ရောင်းချလျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ၂၀၁၈ နှစ်ကုန်က စတင်၍ တရားမဝင် ကုန်သွယ်ရေး တားဆီးမှုကြောင့် မြန်မာနိုင်ငံမှ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့နိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။

ငြိမ်းငြိမ်း-နယူးလိုက်