၁၉ မေ

 

မြန်မာနိုင်ငံမှ ဆိတ်များကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချခွင့် မရတော့သောကြောင့် ဆိတ်ကုန်သည်များ အရှုံးပေါ်လျက်ရှိပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများလည်း အရှုံးပေါ်လျက်ရှိသည်ဟု သိရသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ  တရုတ်နိုင်ငံဘက်က   မြန်မာနိုင်ငံမှ ဆိတ်များကို  တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်သောကြောင့်  မူဆယ်ကနေတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆိတ်ရောင်းချနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

 

“တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံက သိုး၊ ဆိတ်တွေကို တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ပြီး သူတို့ပြည်တွင်းကို အဝင်မခံတဲ့အခါမှာ ကျွန်တော်တို့မှာ ရောင်းချစရာ နေရာဈေးကွက် မရှိတော့ဘူးဖြစ်သွားတယ်။ ဈေးကွက်ပျက်တဲ့အခါမှာ အခုဒေသတွင်းမှာလည်း ဆိတ်ဈေးကွက်က တဖြည်းဖြည်းနဲ့ကျသွားတယ်” ဟု  ပခုက္ကူမြို့၊ ကျွဲ၊ နွား။ သိုး၊ ဆိတ် ပြည်ပတင်ပို့ရောင်းချရေးလုပ်ငန်း ကုမ္ပဏီ ဒါရိုက်တာ (မကွေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဋ္ဌ) ဦးသန်းထွန်းဦးက ပြောသည်။

 

ဒေသတွင်းပေါက်ဈေးမှာ ပေါင်ချိန်အနေဖြင့် ဆိတ် တစ်ပေါင်လျှင် ငွေကျပ် ၁၉၅၀ မှ ၂၀၀၀ ခန့် ရှိနေရာ ယခုအခါ ငွေကျပ် ၁၄၀၀ အထိ ဈေးကျဆင်းသွားကြောင်း သိရသည်။ ထို့ကြောင့် တစ်နိုင်မွေးမြူများအနေဖြင့် ဆိတ်တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းခန့် အရှုံးပေါ်နေပြီး ဆိတ်အကောင်ရေ ၅၀ ခန့် မွေးမြူထားသူ တစ်ဦးအနေဖြင့် ငွေကျပ် ၁၅ သိန်းခန့် အရှုံးပေါ်နေရသည်။ ဆိတ်ကောင်ရေ ထောင်ချီကာ မွေးမြူထားသော ဆိတ်ကုန်သည်များ အနေဖြင့်လည်း မွေးမြူထားသည့် ဆိတ်များကို  ယခင်ကကဲ့သို့ ရောင်းချနိုင်ခြင်းမရှိသဖြင့် အရှုံးပေါ်နေသည်ဟု သိရသည်။ ဝယ်ယူလိုသူမရှိဘဲ ရောင်းချလိုသူများသာရှိနေပြီး အကောင်ကြီးသည့်ဆိတ်များကို ဆက်လက်ကျွေးမွေးရန် မတက်နိုင်သည့် တစ်နိုင်မွေးမြူသူများအနေဖြင့် ဆိတ်ကုန်သည်များထံ အရှုံးခံကာ ပြန်လည်ရောင်းချနေကြရသည်။

 

လတ်တလောအနေဖြင့် တရုတ်နိုင်ငံဘက်က ဆိတ်များကို ဝယ်ယူခြင်းမရှိသောကြောင့် လာအို၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့နေရသော်လည်း အနည်းငယ်သာ တင်ပို့နေရသဖြင့်  ဆိတ်ကုန်သည်များ အနေဖြင့်လည်း  များများရောင်းချနိုင်ခြင်း မရှိဘဲ တရုတ်နိုင်ငံဘက်က ဈေးကွက် ပြန်လည်ကောင်းမွန်လာရန် စောင့်ဆိုင်းနေရသည်။ 

 

ထို့ပြင် နေ့စဉ်ကျွေးမွေးနေရသည့် အစာဖိုးကုန်ကျမှု့ကြောင့်လည်း အရှုံးပေါ်နေရသည် ဟုသိရသည်။ ဒေသထွက် အစားအစာများဖြစ်သော ဇီးခွံ၊ ဇီးဖက်၊ ပြောင်း၊ ဆန်ကွဲ စသည့်ဖြည့်စွက်စာများကို နေ့စဉ်ကျွေးမွေးနေရပြီး နေ့စဉ်ကျွေးမွေးစရိတ် တက်နေသည့်အပြင်  ဆိတ်ဈေးကွက်မရှိသောကြောင့် အရှုံးပေါ်နေကြသည်။ ဒေသတွင်း ဆိတ်မွေးမြူသည့် တောင်သူများ လျော့နည်းလာပြီး အရှုံးနှင့်ရင်ဆိုင်နေရသောကြောင့် ဆိတ်ဈေးကွက် ပြန်လည်မြင့်တက်ရန် လိုလားနေကြသည်။ 

 

အခု ကိုဗစ်-၁၉ ရောဂါ ပြသနာတွေနဲ့ ဈေးကွက်က တရုတ်လည်း မသွားရဘဲ လုပ်ငန်းနားနေရပြီး အရာင်းအဝယ် မရှိကြောင်း၊ အရောင်းအဝယ် နားထားရတာ တစ်လကျော် နှစ်လလောက် ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ကတည်းက အရောင်းအဝယ် မဖြစ်တောဘဲ အရှုံးပေါ်နေကြောင်း တစ်ရွာလုံးနီးပါး ဆိတ်မွေးမြူကြသည့် ရေစကြိုမြို့နယ် တောင်စင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက ပြောပြသည်။


                                                                                                
အိမွန်ဆွေ(ရေစကြို)