မန္တလေး ၂၁ စက်တင်ဘာ
ယခုနှစ် သီတင်းကျွတ်ပွဲတော်အတွက် တရုတ်နိုင်ငံထုတ် ရောင်စုံမီးပုံးများ လမ်းခရီး အခက်အခဲကြောင့် မန္တလေးဈေးကွက်သို့ ဝင်ရောက်မှုနည်းပါးလာကြောင်း မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ တိုးနယားရောင်စုံမီးပုံးမီးတွဲ ဖြန့်ချိရောင်းဝယ်ရေးမှ ဒေါ်စောကေသီနွယ်ထံက သိရသည်။
"ဒီနှစ် သီတင်းကျွတ်ပွဲတော်အတွက် ရောင်းချဖို့ တရုတ်နိုင်ငံထုတ် ရောင်စုံမီးပုံးတွေ လမ်းခရီး အခက်အခဲကြောင့် အရင်နှစ်တွေလို လိုသလောက်မှာယူလို့ မရဘူးဖြစ်နေတယ်။ ဒါကြောင့် ပစ္စည်းအမျိုးအစားကလည်း မစုံသလို ဒီဇိုင်းအသစ်တွေလည်း ဝင်ရောက်မှုနည်းပါးနေပြီး ဈေးနှုန်းကလည်း မနှစ်ကထက် အနည်းငယ်မြင့်တက်နေတယ်။ ကျွန်မတို့ ဆိုင်ရောင်းအားအခြေအနေကတော့ အရင်နှစ်တွေကအတိုင်း ပုံမှန်ရှိနေပေမယ့် ပစ္စည်းအဝင်နည်းတဲ့အတွက် တချို့မီးပုံးအမျိုးအစားတွေဆို ပစ္စည်းပြတ်သလောက်နီးပါး ဖြစ်နေတယ်။ ဒါကြောင့် သီတင်းကျွတ်ပွဲတော်မှာ ဒီဇိုင်းလှပတဲ့ရောင်စုံမီးပုံးတွေနဲ့ ဆီမီးပူဇော်ချင်ရင် ကြိုတင်ဝယ်ယူထားကြဖို့လိုတယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ် သီတင်းကျွတ်ပွဲတော်အတွက် မန္တလေးမြို့ရှိ တရုတ်နိုင်ငံထုတ် ရောင်စုံမီးပုံးဈေးကွက်တွင် ဘုံကျောင်း (ပုံသစ်) မီးပုံးများနှင့် ဘုံကျောင်း (လေးထောင့်) ရောင်စုံမီးပုံး ဒီဇိုင်းသစ်နှစ်မျိုးသာ ဝင်ရောက်လာပြီး ဘုံကျောင်း(ပုံသစ်)မီးပုံး တစ်ခုလျှင် အရွယ်အစားပေါ်မူတည်၍ ၄၅၀ဝ ကျပ်မှ ၇၅၀ဝ ကျပ်အထိ ရောင်းဈေးရှိ၍ ဘုံကျောင်း (လေးထောင့်) မီးပုံးကို အရွယ်အစားအလိုက် ၂၇၀ဝ ကျပ်မှ ၃၃၀ဝ ကျပ်အထိ ရောင်းချနေသည်။ မီးတွဲများအနေဖြင့် အရောင်တစ်မျိုးတည်းဖြင့် ပူဇော်နိုင်သည့် ၁၅ ပေ အရှည်ရှိ မီးတွဲဒီဇိုင်းသစ်များ ဝင်ရောက်လာကာ ငွေကျပ် ၁၀ဝဝဝ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းထုတ် မိုမိုကို တံဆိပ်ပါ ရောင်စုံမီးပုံးများအနေဖြင့် ယခုနှစ်တွင် ပန်းပွင့်ပုံစံနှင့် ဆင်ခြေရာပုံစံဒီဇိုင်းသစ်များ ဈေးကွက်သို့ ဝင်ရောက်လာပြီး ငွေကျပ် ၆၀ဝ နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် ယမန်နှစ်က လူကြိုက်များခဲ့သည့် မိုမိုကို လခြမ်းပုံဒီဇိုင်း မီးပုံးများကို ကျပ် ၄၀ဝ နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
တရုတ်နိုင်ငံထုတ် ရောင်စုံမီးပုံးများကို စက္ကူသားနှင့် ပိတ်သားနှစ်မျိုးဖြင့် ထုတ်လုပ်တင်ပို့လျက်ရှိပြီး ၎င်းတို့အနက် ပိတ်သားဖြင့် ပြုလုပ်ထားသည့် မီးပုံးများကို ပြည်တွင်း၌ နှစ်သက်စွာ ပိုမိုဝယ်ယူကြောင်းနှင့် ရောင်းဈေးမှာ အနိမ့်ဆုံး ၂၀ဝဝ ကျပ်မှ ၁၀ဝဝဝ ကျော်ဈေးအထိရှိပြီး စက္ကူသားဖြင့် ပြုလုပ်ထားသည့် မီးပုံးရောင်းဈေးမှာ ၃၅၀ ကျပ်မှ ၂၈၀ဝ ကျပ်အထိ ရောင်းဈေးရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


