ချင်းရွှေဟော် အောက်တိုဘာ ၂

 

မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးရန် အကြောင်းကြားထားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်းတုန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသား အမျိုးသား (၇၇) ဦး၊ အမျိုးသမီး (၈၂) ဦး၊ စုစုပေါင်း (၁၅၉) ဦးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာနမှ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့က ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ် အောက်တိုဘာ ၂၇ ရက်  နေ ၆ နာရီက လာရောက်လွှဲပြောင်းပေးအပ်ခဲ့ရာ  တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် ၂၀၁၉ ခုနှစ်အတွင်းက ချင်းရွှေဟော်မြို့၊ မူဆယ်မြို့ နယ်စပ်ဂိတ်များမှ ယာယီနယ်စပ် ဖြတ်သန်းခွင့်စာအုပ် ပြုလုပ်၍ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကွမ်းတုန်ပြည်နယ်နှင့် ဟဲနန်ပြည်နယ်အတွင်းရှိ မြို့များတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ နယ်မြေကျော် ဝင်ရောက်မှုဖြင့် တရုတ်ရဲမှ ဖမ်းဆီးပြီး ပြစ်ဒဏ်များ ကျခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သူများ ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများတွင် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ၎င်းတို့မှာလူကုန်ကူးခံရသည့် ဖြစ်စဉ်များ မရှိကြောင်း စိစစ်တွေ့ရှိရသည်။

 

၎င်းတို့တွင် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉  ရောဂါလက္ခဏာများ မတွေ့ရှိရသော်လည်း တရုတ်နိုင်ငံမှ ပြန်လာသူများဖြစ်၍ ကိုဗစ်-၁၉ ကော်မတီ၏ စောင့်ကြည့်စစ်ဆေးမှုခံယူရန် ရပ်ကွက် () ရှိ အခြေခံပညာ အထက်တန်းကျောင်း ယာယီ Quarantine Centre နှင့် ရပ်ကွက် () ရှိ ယာယီအဆောက်အဦးသို့  ပို့ဆောင်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကုသရေး ဦးစီးဌာနမှ သတ်မှတ်ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှုများ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပြီး Negative ရလဒ်ထွက်ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးတွင် ဆက်လက် Quarantine ဝင်ရောက်သွားရန် ပြန်လည်စေလွှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စည်သူမောင်မောင်(ပြန်/ဆက်)