မန္တလေး ၁၁ ဖေဖော်ဝါရီ
တရုတ်နိုင်ငံတွင် လတ်တလော ကူးစက်ဖြစ်ပွားနေသည့် နိုဘယ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ မန္တလေးမြို့ရှိ သတင်းမီဒီယာများအား အသိပေးရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ်ရှိ Pullman ဟိုတယ်တွင် ကျင်းပခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် Li Libei (ဒေါ်ရတနာ)က တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်အထိ အဆိုပါဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၄၂၇၁၅ ဦးရှိပြီး ကုသမှုခံယူ၍ ပျောက်ကင်းသူ ၃၉၉၈ ဦးရှိကာ သံသယရှိ လူနာပေါင်း ၂၁၆၇၅ ဦးနှင့် သေဆုံးသူ ၁၀၁၇ ဦး ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ရောဂါပိုးနှင့် တိုက်ပွဲဝင်နေရသည့် အခြေအနေ၌ပင် ရှိနေသေးသော်လည်း နေ့စဉ် ရောဂါကူးစက်ဖြစ်ပွားမှု ကုသပျောက်ကင်းမှုနှင့် သေဆုံးမှုစာရင်းများ လေ့လာတွေ့ရှိချက်အရ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုကို ကန့်သတ်ထိန်းချုပ်ထားနိုင်ပြီး အဆိုပါရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းထက် ကုသမှုခံယူကာ ပျောက်ကင်းသည့် ဦးရေက ပိုမိုများပြားလာသည်ကို တွေ့ရှိလာရကြောင်း၊ တရုတ်ပြည်သူများအနေဖြင့် အဆိုပါရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် တရုတ်နှစ်ကူးကာလ၌ပင် ပြင်ပသို့ လည်ပတ်ခြင်းမရှိဘဲ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်အတွင်း၌ နေထိုင်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရောဂါကုသရေးလုပ်ငန်းများအနေဖြင့် ရောဂါစတင်ဖြစ်ပွားသည့် ဝူဟန်မြို့သို့ အထူးကုဆရာဝန်ပေါင်း ၆၀၀၀ ကျော်နှင့် အခြားကုသရေးပညာရှင် ၁၂၀၀၀ ကျော်ကို စေလွှတ်ကုသပေးလျက်ရှိသည့်အပြင် အဆိုပါဝူဟန်မြို့၌ ၁၀ ရက်တာကာလအတွင်း အထူးကုဆေးရုံနှစ်ရုံကို အမြန်ဆုံးတည်ဆောက်၍ ကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးကာ ဗိုင်းရပ်စ်ရောဂါပိုးများ ပြင်ပနိုင်ငံများသို့ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကန့်သတ်ထိန်းချုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၏ ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေမှာ ဝူဟန်မြို့တစ်ခုတည်း၌သာ ဖြစ်ပွားနေပြီး အခြားပြည်နယ်များတွင် လွန်ခဲ့သည့် ၆ ရက်ခန့်မှစ၍ နေ့စဉ် ကူးစက်ဖြစ်ပွားမှုနှုန်းများ ကျဆင်းနေကြောင်း ယခုဖေဖော်ဝါရီ ၁၀ ရက်မှစ၍ တရုတ်ပြည်သူများသည် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် မကြာမီကာလတွင် အဆိုပါ ဗိုင်းရပ်စ်ရောဂါကို တရုတ်နိုင်ငံအနေဖြင့် အမြစ်ပြတ်သည်အထိ ချေမှုန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့နိုင်မှု အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နီးစပ်သော်လည်း ယူနန်ပြည်နယ်တစ်ခုလုံး၌ အဆိုပါရောဂါဖြစ်ပွားသူ ဦးရေမှာ ဖေဖော်ဝါရီ ၁၀ ရက်အထိ ၁၄၉ ဦးသာရှိပြီး သက်သာပျောက်ကင်းသူ ၁၉ ဦးရှိကာ သေဆုံးသူမရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၌ အဆိုပါရောဂါ ကူးစက်ဖြစ်ပွားရန် အလားအလာမှာ အလွန်နည်းပါးကြောင်း ပြောကြားကာ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)