မြစ်ကြီးနား ၂၇   ဇန်နဝါရီ

 

လတ်တလော တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များ ယာယီပိတ်သိမ်းနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

 

လတ်တလော ဆောင်ရွက်ထားသည့် အခြေအနေများနှင့်ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက "လွန်ခဲ့တဲ့နှစ်ရက် လောက်ထဲက ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ် အဝင်အထွက်ဂိတ်တွေနဲ့ ပတ်သက်ပြီး ယာယီပိတ်နိုင်ရန် ညွှန်ကြားချက်ရယူဖို့ ပြည်ထောင်စုအစိုးရထံသို့ စာတင်ထားကြောင်း၊ ကန်ပိုက်တီနယ်စပ်ရှိ မြန်မာ–တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်း မြန်မာဘက်အခြမ်း လိုဏ်ဂူအပေါက်ဝတွင် ဌာနဆိုင်ရာများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးနိုင်ရန်နှင့် လိုအပ်သလိုစီစဉ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း" ပြောသည်။

 

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းမြို့က "မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသည့် ခရီးသည်အားလုံးကို ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာကိုယူပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အပူချိန် ၃၈ ဒီဂရီအောက်ရှိသည့် ခရီးသည်များကို သွားလာခွင့်ပြုပေးပြီး အပူချိန် ၃၈ ဒီဂရီအထက်သို့ ကျော်လွန်နေပါက ကန်ပိုက်တီ ဆေးရုံတွင် စစ်ဆေးကုသရန် သီးသန့်အခန်းပြင်ဆင်ထားကြောင်း၊ လူနာကိုစောင့်ကြည့်ပြီး လိုအပ်ပါက မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ပေးရန် အရေးပေါ်ကားများစီစဉ်ထားကြောင်း " ပြောသည်။

 

လတ်တလောတွင် လုပ်ငန်းများမလစ်ဟင်းစေရန်၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ လုပ်ငန်းများအောင်မြင်စေရန်၊ ရောဂါများမဝင်ရောက်စေရန်နှင့် ပြည်သူများထံသို့ သတင်းမှားများ မရောက်စေရန် စသည့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဝင်းနိုင်(ကချင်မြေ)