တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ပေကျင်း ၁၉ ဇွန် 

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ် ဟိမဝန္တာတောင်တန်း နယ်ခြားတစ်လျှောက် လာဒါ့ခ်တွင် ဇွန် ၁၅ ရက်က ဖြစ်ပွား ခဲ့သည့် နှစ်နိုင်ငံပဋိပက္ခနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးများက တယ်လီဖုန်းဖြင့် ယမန်နေ့က ဆက်သွယ် ဆွေးနွေးခဲ့သည်။

အဆိုပါ ပဋိပက္ခဖြစ်ပွားမှုတွင် အိန္ဒိယတပ်သား ၂၀ သေဆုံးခဲ့ပြီး တရုတ်တပ်သားအနည်းငယ် ထိခိုက်ဒဏ်ရာ များရရှိခဲ့သည်။
ပဋိပက္ခနှင့်ပတ်သက်ပြီး သေချာစွာ စုံစမ်းစစ်ဆေးမှုပြု ရန်နှင့် ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်များချမှတ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ အား ပြောကြား ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲ စေရန်အတွက် နှစ်နိုင်ငံနယ်စပ်ဒေသ နယ်နိမိတ်အငြင်းပွားမှု များကို လက်ရှိချိတ်ဆက်ထားသည့် ဆက်သွယ်ရေးဖုန်းလိုင်းများမှတစ်ဆင့် ကောင်းမွန်စွာဖြေရှင်းရန်လိုအပ် သည်ဟု ဝန်ကြီး ဝမ်ယိက ဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန် ကာက တရုတ်တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဘက်အခြမ်း ရှိ အဆောက်အအုံတစ်ခုကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သည်ဟု အခိုင်အမာ စွပ်စွဲပြောကြားခဲ့သည်။
သို့သော် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်စေမည့် လုပ်ရပ်များကို ဆောင်ရွက်ခြင်းမပြုရန်နှင့် သံတမန်နည်း လမ်းအရ ငြိမ်းချမ်းစွာဖြေရှင်းသွားရန် နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးများက သဘောတူညီခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့မှုတွင် အိန္ဒိယ တပ်သားများ သေဆုံးခြင်းသည် ၄၅ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်