ဝါရှင်တန် ၂၉  ဇန်နဝါရီ

ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီးနှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးနိုင်ရေး ပြင်ဆင်နေစဉ် တရုတ်နိုင်ငံ ထိပ်တန်းကုန်သွယ်ရေး ညှိနှိုင်းရေးမှူးတစ်ဦးသည် အမေရိကန်နိုင်ငံ ဝါရှင်တန်သို့ ရောက်ရှိလာကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် တရားရေးဌာနက တရုတ်နိုင်ငံ ထိပ်တန်းနည်းပညာ ကုမ္ပဏီဖြစ်သော ဟွာဝေးအပေါ် စွဲချက်တင် လိုက်ချိန်တွင် ဗဟိုဘဏ်အကြီးအကဲ အပါအဝင် ဒုတိယဝန်ကြီးချုပ် လျူဟဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ကြား ယာယီကုန်သွ ယ်ရေးသဘောတူညီ မှုကာလမှာ တစ်လသာ ကျန်ရှိတော့ ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ကုန်သွယ်ရေးဆိုင်ရာ လွန်ဆွဲမှုသည် ကမ္ဘာ့စီးပွားရေးကို များစွာထိခိုက်စေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

အမေရိကန်သမ္မတသည် တရုတ် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ဖော်ပြခဲ့သည်။

နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုသည် အောင်မြင်မှု အခွင့်အလမ်းရရှိနိုင်သလို ထင်သလို ဖြစ်မလာနိုင်ဟုလည်း ဖော်ပြချက်များရှိနေရာ အကယ်၍ နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် နားလည်မှု တစ်စုံတစ်ရာကိုသာ ရရှိခဲ့မည်ဆိုပါက ကမ္ဘာ့စတော့ရှယ်ယာတန်ဖိုးများ မြင့်တက်လာမည်ဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ