ကုလသမဂ္ဂ ၁၃ မေ
တောင်ကိုရီးယားနှင့် တရုတ်ကဲ့သို့သောနိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ခြင်း အတွက် စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂီဘရီယိုးဆပ်က ယမန်နေ့က ပြောကြားလိုက်သည်။
မေ ၂ ရက်တွင် မြို့တော်ဆိုးလ်ရှိ ညကပွဲရုံတစ်ရုံသို့ လာရောက်ခဲ့သည့် ဧည့်သည်များအကြားတွင် ကိုရိုနာ ဗိုင်းရပ်စ်အစုအပြုံလိုက် ကူးစက်ဖြစ်ပွားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု စတင်ဖြစ်ပေါ်ခဲ့သည့် ဝူဟန်မြို့၌လည်း ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံဖြစ်ပွားကြောင်း မေ ၈ ရက်တွင် အတည်ပြုကြေညာခဲ့ရာ ယင်းဗိုင်းရပ်စ်ကူးစက်မှုမှာ ဝူဟန်မြို့တွင် တစ်လကြာမျှ ဗိုင်းရပ်စ်ကူးစက်မှု လုံးဝမရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကူးစက်မှုထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွား မှုနှုန်း ကျဆင်းနေကြောင်း မြင်တွေ့နေရသည့် နိုင်ငံများ၌ ယင်းဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဖန် ပြန်လည်နိုးထ လာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂီဘရီယိုးဆပ်က ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ဇော်ဝင်း