ရေတာရှည် ၂၀ ဇူလိုင်
ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ရရှိသည့် ကျွဲ နွားများအား တရုတ်နယ်စပ်ဒေသများတွင် ဈေးနှိမ်ဝယ်ယူမှုများရှိနေရာ ပြည်တွင်းဈေးကွက်၌ ယခင်ကထက် ထက်ဝက်ခန့် အရောင်းအဝယ်လုပ်ငန်းများ ကျဆင်းသွားကြောင်း ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ဘိုးတော်ကုန်း ကျွဲနွားဈေးကွက်မှ သိရှိရသည်။
“အရောင်းအဝယ်က မကောင်းဘူးဗျ အေးနေတယ်။ အေးနေတယ်ဆိုတာကလဲ တရုတ်ဘက်ကိုပို့တဲ့သူတွေက ဟိုဘက်မှာတွက်ချေမကိုက်တော့ နယ်တွေမှာပြန်ရောင်းကြတာရှိတယ်၊ အရင်ကတော့ တရုတ်နယ်စပ်တွေမှ ဈေးကောင်းရတဲ့အခါမှ ပြည်တွင်း ကျွဲ နွားဈေးတွေလဲ ဈေးကောင်းရခဲ့တာရှိတယ်။ ခုချိန်ကတော့ မကောင်းဘူးလို့ပဲပြောရမယ်၊ ဟိုမှာဈေးကောင်းရမယ်ထင်လို့ နယ်ဘက်ကနေ ကျွဲ နွားတွေကိုသယ်သွားတယ်၊ ဟိုရောက်တော့ အကြောင်းအမျိုးမျိုးပြ ဈေးနှိမ်တော့ သယ်ယူစရိတ်၊ လမ်းကုန်ကျစရိတ်နဲ့ ဘယ်လိုမှ တွက်ချေမကိုက်တော့ဘူးလေ”ဟု ကျွဲ နွားအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။
နယ်စပ်ဒေတွင် ကျွဲ နွားဈေးကောင်းသည့်အပေါ်မူတည်၍ တစ်ပိုင်တစ်နိုင် ဝယ်ယူမွေးမြူထားသူများနှင့် စီးပွားဖြစ်ခြံများဖြင့် ဝယ်ယူစုဆောင်းထားသူများနေဖြင့် အရှုံးခံကာ ပြန်လည်ရောင်းချမှုများရှိနေကြောင်း ၎င်းကပင် ဆက်လက်ပြောသည်။
ကျွဲနွားများအား လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုနည်းပါးလာသည့်အလျောက် လသားအရွယ်၊ နှစ်သားအရွယ် ကျွဲ နွားများကို စုဆောင်းမွေးမြူ၍ အရွယ်ရောက်လာသည့်အခါ အခြားဝယ်ယူသူများထံ ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိအောင် လုပ်ကိုင်သူများလည်း ရှိနေသည်ကို တွေ့ရှိရသည်။
“ကျွန်တော်လာရောင်းတဲ့ ကျွဲကို လွန်ခဲ့တဲ့ ၆ လလောက်က ဝယ်မွေးထားတာ၊ ၆ သိန်းခွဲပေးရတာ ခုပြန်ရောင်းတော့ ၁၂ သိန်းခွဲရပါတယ်။ ခုလဲ လသားအရွယ်လေးနှစ်ကောင်လောက် ပြန်ရှာနေတာ”ဟု နွားပွဲဈေးသို့ အရောင်းအဝယ်ကိစ္စဖြင့် လာရောက်သူတစ်ဦးက ပြောသည်။
ကိုလွင်(ဆွာ)


