သတင်း-ရဲရင့်ရှိုင်း
                       

၂၀၁၉ တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ တရုတ်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အိမ်ရှင်တရုတ်နှင့် မလေးရှားအသင်း နိုင်ပွဲရရှိခဲ့သည်။
                       

ပထမနေ့တွင် တရုတ်အသင်းက မြန်မာအသင်းကို သုံးဂိုး-နှစ်ဂိုး၊ မလေးရှားအသင်းက မက္ကဆီကိုအသင်းကို ကိုးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် တရုတ်ကို အပြန်အလှန်ကစားပြီးမှ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေပြီး ဒုတိယပိုင်းအစတွင် ကောင်းချစ်သူက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ တရုတ်အသင်းက နှစ်ဂိုးပြန်သွင်းခဲ့သောကြောင့် မြန်မာအသင်း နောက်မှလိုက်ကစားခဲ့ရပြီး ငြိမ်းမင်းစိုးက ချေပဂိုးပြန်သွင်းခဲ့သည်။ သို့သော် မြန်မာအသင်းသည် သရေရလဒ်ကို မထိန်းနိုင်သောကြောင့် ဂိုးထပ်ပေးလိုက်ရပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ မလေးရှားနှင့် မက္ကဆီကိုအသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်နေပြီး မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် စက်တင်ဘာ ၈ ရက်တွင် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။