၃၀ အောက်တိုဘာ

 

စင်ကာပူလေကြောင်းအာဏာပိုင်(CAAS) က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမရှိကြောင်း ရလဒ်ထွက်ပေါ်လာပါက ၁၄ ရက်ကြာ သီးခြားနေထိုင်ရန် မလိုအပ်ကြောင်းနှင့် တရုတ်ပြည်မကြီးမှ ကာလတိုခရီးသွားဧည့်များ ဝင်ခွင့်ကို စင်ကာပူခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

နိုဝင်ဘာ ၆ ရက်နေ့မှစတင်ကာ ခရီးသွားများ စင်ကာပူလေဆိပ်သို့ရောက်ရှိပါက ကိုဗစ်-၁၉ ပီစီအာ စစ်ဆေးမှုခံယူရမည် ဖြစ်သည်။

 

အဆိုပါစမ်းသပ်စစ်ဆေးမှုခံယူပြီးနောက် ခရီးသွားများသည် ထိုလေဆိပ်မှ တက္ကစီ၊ အငှားကားတို့ဖြင့် ၎င်းတို့၏သတ်မှတ်နေရာထိုင်ခင်းသို့ သွားရောက်ရမည်။

 

ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးမှုရလဒ်များသည် ပုံမှန်အားဖြင့် ၁၂ နာရီအတွင်း ထွက်ပေါ်ပြီး ၄၈ နာရီအတွင်း စမ်းသပ်ချက်ရလဒ်များ ထွက်ပေါ်မည်။

 

ခရီးသွားဧည့်များသည် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း စမ်းသပ်စစ်ဆေးချက်ရလဒ်ရရှိချိန်အထိ သတ်မှတ်နေရာထိုင်ခင်းတွင် သီးခြားနေထိုင်ရမည် ဖြစ်သည်။

 

စင်ကာပူနိုင်ငံသို့ ဝင်ခွင့် လေကြောင်းလက်မှတ်များကို အောက်တိုဘာ ၃၀ ရက်နေ့မှစတင်ကာ ခရီးသွားဧည့်များ လျှောက်ထားနိုင်ကြောင်း CAAS ပြောကြားချက်အရ သိရသည်။

 

ဩစတြေးလျ၊ ဘရူနိုင်း၊ နယူးဇီလန်နှင့် ဗီယက်နမ် နိုင်ငံတို့မှ ခရီးသွားဧည့်များအတွက် နယ်စပ်ကန့်သတ်ချက်များကို အစောပိုင်းက ရုပ်သိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

စင်ကာပူနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကာလတိုခရီးသွားဧည့်များအားလုံး၏ အဝင်အထွက်ကို မတ်လ ၂၃ ရက်နေ့မှစတင်ကာ ပိတ်ပင်ထားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို