နေပြည်တော် ၁၃  မေ 

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရာတွင် အသုံးပြုသည့် အထောက်အကူပြု ဆေးပစ္စည်းများ တင်ဆောင်လာသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (လေ) မှ လေယာဉ်သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

 

အဆိုပါလေယာဉ်နှင့်အတူ ပါရှိလာသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသည့် PPE ဝတ်စုံ ၁၀၀၀၀  ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကိုယ်စား တရုတ်စစ်သံမှူး Senior Colonel Xiong Shaowei က လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက လက်ခံရယူသည်။

 

1

 

ယင်းနောက် အဆိုပါဆေးပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်သည် ညပိုင်းတွင် ပြန်လည် ထွက်ခွာရာ Covid-19  ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များနှင့် အမြင်ချင်း ဖလှယ်ဆွေးနွေးရန်အတွက် ရန်ကုန်မြို့၌ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ Dr. Bai Chong  ဦးဆောင်သည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် (၆) ဦး ပြန်လည် လိုက်ပါသွားသည်။

 

2

 

အဆိုပါ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆေးအဖွဲ့သည် မြန်မာနိုင်ငံတွင် နှစ်ပတ်ကြာ နေထိုင်ခဲ့ပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ ကိစ္စရပ်များအား မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ 

 

(သတင်းစဉ်)