ရန်ကုန် ၆ နိုဝင်ဘာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနသို့ အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ ကျော်တန်ဖိုးရှိ အားကစားပစ္စည်းများ ပေးအပ်ပွဲလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံဝင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Tha Shu Fu နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်မိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ထို့နောက်မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Tha Shu Fu က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး ကျွမ်းဘားအားကစားပစ္စည်း ငါးမျိုးဖြစ်သည့် Floor Exercid လေးမျိုး၊ Spring Board(TQ1010) ၁၀ စုံ၊ Spring Board (TQ1011) ၁၀ စုံ၊ Hand guard for rings ၅၀ စုံ၊ Hand guard for horizontal bar ၅၀ စုံ၊ လှေလှော်အားကစားပစ္စည်း ရှစ်မျိုးဖြစ်သည့် Single Scull ၊ Duble Scull ၊ Coxless Eight, Coxed Eight နှစ်ခုစီ၊ Sculling Oars ၁၀စုံ၊ Sweep Oar ၂၄ ချောင်း၊ Dragon Boat (10Paddles) ၁၀ စီး၊ Traditional Paddle ၅၀ တို့ကို ပေးအပ်လှူဒါန်းရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးကျော်စိုးမိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
“ကျွန်တော်တို့အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းခြောက်ကျောင်း ရှိပါတယ်။ သက်ဆိုင်တဲ့ အားကစားနည်းအလိုက် လက်ရွေးစင်ကန့်တွေမှာ သုံးမယ်လို့သိရပါတယ်။ ယခင်ကလည်း ကျွမ်းဘားနဲ့ လှေလှော်အားကစားနည်း ပစ္စည်းပေးခဲ့ပါတယ်။” ဟု ကျောင်းအုပ်ကြီး ဦးကျော်စိုးမိုးကပြောသည်။
သတင်းနှင့်ဓာတ်ပုံတင်စိုး(မြန်မာ့အလင်း)