တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Foundation for Peace and Development မှ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ပေကျင်းမြို့ရှိ မြန်မာသံရုံးက လက်ခံရယူ 

ပေကျင်း  ၅ မေ

 

မြန်မာအစိုးရနှင့် ပြည်သူများ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများကလည်း Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်လှူဒါန်းလျက်ရှိသည်။ 

 

ထိုကဲ့သို့ ဆက်သွယ်လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် တရုတ် ယွမ်ငွေ (၅ ဒသမ ၃)သန်းတန်ဖိုးရှိ Surgical Masks နှာခေါင်းစည်း (၁,၂၀၀,၀၀၀)၊ Personal Protective Equipment-PPE  (3,600) ၊  Medical Eye Shield ရောဂါကာကွယ်ရေး မျက်နှာဖုံး (၉,၇၀၀)နှင့် Non-Contact Infrared Thermometer အပူချိန်တိုင်းကိရိယာ (၈၀၀) တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Foundation for Peace and Development မှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ရာ China Foundation for Peace and Development အတွင်းရေးမှူးချုပ် Mr. Xu Jianguo က တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ထံသို့ လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်သည်။

 

အခမ်းအနားတွင် China Foundation for Peace and Development အတွင်းရေး မှူးချုပ် Mr. Xu Jianguo က လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

အဆိုပါ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်