နေပြည်တော် ၂၆ ဒီဇင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အရာထမ်း/အမှုထမ်းများအား ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသော ရထားလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအား သင်ကြားပေးခဲ့သည့် 2019 Seminar on Railway Planning and Construction in Myanmar သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon lake view hotel ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးစီးပွားရေးရာ ကောင်စစ်ဝန် Mr.Tan Shufu တို့က သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) ၏ထောက်ပံ့မှုဖြင့် CREEC မှ တာဝန်ယူကာ နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ နိုဝင်ဘာ(၂၉)ရက်မှ ဒီဇင်ဘာ(၂၆)ရက်အထိ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော 2019 Seminar on Railway Planning and Construction in Myanmar သင်တန်းဖြစ်ပြီး မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်း(၄၀) တက်ရောက်သင်ကြားခဲ့သည်။
သင်တန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရထားပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ၊ နည်းပြများက မြန်မာနိုင်ငံသို့လာရောက်၍ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းကြောင့် ယင်းနိုင်ငံသို့ စေလွှတ်တက်ရောက်ခွင့်ရသည့် သင်တန်းသားအင်အားထက် ပိုမိုတက်ရောက်စေနိုင်ခြင်း၊ မြန်မာ့မီးရထားမှ အရာထမ်း/ အမှုထမ်းအရေအတွက် များများကုန်ကျစရိတ်သက်သာစွာဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း လေ့လာသင် ယူနိုင်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခေတ်မီရထား လမ်းတည်ဆောက်ရေးဆိုင်ရာ နည်းပညာများအား လေ့လာသိရှိခွင့်ရရှိပြီး မိမိတို့၏ လုပ်ငန်းခွင့်နှင့်ဆက်စပ်၍ အကျိုးရှိစွာ အသုံးချဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်