နေပြည်တော် မေ ၂၃
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Wentao ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စူကျိုးမြို့၌ ယမန်နေ့က ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership Agreement – RCEP) နှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူ စာချုပ် (Comprehensive and progressive Agreement for Trans-Pacific Partnership – CPTPP) တို့၏ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ဆွေးနွေးပွဲကို RCEP နှင့် CPTPP သဘောတူစာချုပ်များတွင် ပါဝင်သောနိုင်ငံများအကြား နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုကို ထောက်ခံရန်၊ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံသည့် ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရန်နှင့် စက်မှုနှင့် ထောက်ပံ့ရေး ကွင်းဆက်များ တည်ငြိမ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး သဘောတူစာချုပ်တို့၏ အဖွဲ့ဝင် နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၊ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေးကိုယ်စားလှယ် (full Minister Rank)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Li Chenggang က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုကို ထောက်ခံရေး၊ ပွင့်လင်းမြင်သာပြီး စည်းမျဉ်း အခြေခံသည့် ကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရေး၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ်မှုရှိစေရေး၊ RCEP နှင့် CPTPP သဘောတူစာချုပ်များ အကောင်အထည်ဖော်ရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှမြှင့်တင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းပြီး စည်းမျဉ်းအခြေပြု နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အခိုင်အမာထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအပေါ် အချို့သော နိုင်ငံများက စီးပွားရေးပိတ်ဆို့မှု များရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေး စနစ်အတွင်း ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ အဆိုပါ နိုင်ငံစုံကုန်သွယ်ရေး စနစ်သည် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်း ကို အထောက်အကူများစွာပြုပါ ကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးကိုသာ အဓိကရှေးရှုလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်မပါ ရှိပါကြောင်း၊ ညီမျှပြီးတည်ငြိမ်သည့် ကုန်သွယ်ရေးဝန်းကျင် ကောင်းကို ရရှိစေရန် ပို့ကုန်၊ သွင်းကုန် နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ အကောက်ခွန်မူဝါဒများကို မျှတ၍ အပြန် အလှန် အကျိုးဖြစ်ထွန်းစေရေးဆောင်ရွက်သင့်ကြောင်း၊ သင့်လျော်သည့် ကုန်သွယ်ရေးအခွန်နှုန်းထားများကို ထားရှိစေခြင်းဖြင့် နိုင်ငံအချင်းချင်းကုန်သွယ်မှုကို တိုးမြှင့် လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့အပြင် အနာဂတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေး၊ ဒီဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေး (Green Economy) ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးပေးမြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ဒေသတွင်း ပေါင်းစည်းမှု ခိုင်မာစေရန် RCEP နှင့် CPTPP သဘောတူစာချုပ်များအကြား ချိတ်ဆက်မှုမြှင့်တင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


