ဟောင်ကောင်  ၁၁ အောက်တိုဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ရောက်ရှိနေကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်  ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယနေ့တွင် ဒုတိယနေ့အဖြစ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မကာအို Tap Seac Multisport Pavilion အားကစားခန်းမ Exhibition Hall ၌ ဆက်လက်၍ မဲရုံဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဒုတိယနေ့တွင် မကာအိုဒေသမှ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသား (၂၅၄)ဦးမှ စနစ်တကျလာရောက်၍ ဆန္ဒမဲများပေးခဲ့ကြပြီး၊ ယင်းသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် မကာအိုဒေသအစိုးရမှ သတ်မှတ်ထားသည့် ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးဆိုင်ရာ အစီအမံများဖြစ်သည့် နှာခေါင်းစည်း(mask) ဝတ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း (social distancing) စည်းကမ်းများနှင့်အညီ စနစ်တကျစောင့်ဆိုင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်အိတ်များဝတ်ဆင်ခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်းတို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ဆန္ဒမဲပေးရန် လာရောက်ကြသည့် မဲဆန္ဒရှင်များအားလုံး မဲရုံအတွင်းသို့ မဝင်ရောက်မီ မကာအိုဒေသ အစိုးရကျန်းမာရေးဌာနမှ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာကြေညာချက် (Health Declaration) ပုံစံအား link နှင့် QR code ကို အသုံးပြု၍ အချက်အလက်များကို မိုဘိုင်းဖုန်းများဖြင့် ကြိုတင်၍ ဖြည့်စွက်တင်ပြရသည့် စနစ်ကို ကျင့်သုံးခဲ့သည်။ 

ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ၄-၁၀-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်ဒေသ၌ မဲရုံဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင် (၈၈) ဦး၊ ၁၀-၁၀-၂၀၂၀ ရက်နှင့် ၁၁-၁၀-၂၀၂၀ ရက်တို့တွင် မကာအိုဒေသ၌ မဲရုံဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ရာ မဲဆန္ဒရှင် (၄၇၇) ဦး လာရောက် ဆန္ဒမဲပေးခဲ့ကြသည်။

အခြေစိုက်ရုံးမရှိသည် မကာအိုဒေသ၌ မဲရုံလာရောက်ဖွင့်လှစ်ရာတွင် ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြသူ မဲဆန္ဒရှင်များ အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လိုအပ်သည်များအား ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် မကာအိုဒေသရောက် မြန်မာနိုင်ငံသားများ/ မြန်မာနိုင်ငံသား ဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများအား အထူးကျေးဇူးဥပကာယ တင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။

Credit: Ministry of Foreign Affairs Myanmar