မန္တလေး  ၈   ဒီဇင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်အား လှည့်လည်ကြည့်ရှုလေ့လာ၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မဟာလောကမာရဇိန် (ကုသိုလ်တော်ဘုရား) အား သွားရောက်ဖူးမြော် ကြည်ညိုသည်။

 

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် အဖွဲ့သည် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်ကြီးအောင် ဧည့်ရိပ်သာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့သည်  နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်သို့ သွားရောက် လေ့လာကြည့်ရှုသည်။

 

ဆက်လက်၍   မန္တလေးတောင်ခြေရှိ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်း အသိအမှတ် ပြုခံရပြီး ကမ္ဘာအကြီးဆုံးစာအုပ်ကြီးဟု လူသိများ ထင်ရှားသည့် မဟာလောကမာရဇိန် (ကုသိုလ် တော်ဘုရား) သို့ သွားရောက်၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဘုရားဝင်းအတွင်း လှည့်လည်ဖူးမြော်ကြည်ညို၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတောင်ပေါ်ရှိ ဘုရားများသို့ သွားရောက်ဖူးမြော်ကာ ညနေခင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားကြသည်။

 

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့်အဖွဲ့သည် ညပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကူမင်းမြို့သို့ ပြန်လည် ထွက်ခွာ သွားကြသည်။

 

 (သတင်းစဉ်)