ရန်ကုန်၊ စက်တင်ဘာ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သော ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော်အဖွဲ့သည် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်ရှိ ခြောက်ထပ်ကြီး ရွှေသာလျောင်း ဘုရားကြီးအား သွားရောက်ဖူးမြော်ကြပြီး အလှူငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သောအဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ သွားရောက်ရာ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒဆေကိန္ဒနှင့် တာဝန်ရှိသူများက တက္ကသိုလ်တွင် လေ့ကျင့်သင်ကြားပေးလျက်ရှိသော ဘာသာရပ်များနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့က သိရှိလိုသည်များကိုမေးမြန်းကာ အလှူငွေများ ပေးအပ်ခဲ့ကြသည်။
ထို့အတူ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဥက္ကဋ္ဌဆရာတော်နှင့်အဖွဲ့သည် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့ကြပြီး စက်တင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


