ရန်ကုန် ၁၆ နိုဝင်ဘာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယွမ်သိန်း ၄၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ်စီးပွားရေး ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယွမ်သိန်း ၄၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့လှူဒါန်းမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများဖြစ်သည့် N-95Mask (၂၃၀၀၀)၊ Surgical Mask (၂၃၀၀၀)၊ Medical face Shield (၁၅၀၀၀)၊ Medical Protective  Clothing (၁၅၀၀၀)၊ Anti-fog Eye Mask (၁၅၀၀၀)၊ Disposable Medical Cap (၁၅၀၀၀)၊ Plastic Shoe Cover (၁၅၀၀၀)၊ Latex Glove (၁၅၀၀၀)စုံ၊ Disposable  Isolation Gown (၁၅၀၀၀)၊ Non-Invasive Ventilator ငါးလုံးတို့ဖြစ်ပြီး အဆိုပါ အထောက်အကူပြုပစ္စည်းများကို ကုန်းလမ်းခရီးဖြင့် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်တင်ယာဉ်ကြီးများဖြင့် သယ်ဆောင်လာခြင်း ဖြစ်သည်။

အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရအနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။  

သတင်းနှင့် ဓာတ်ပုံ- ဇော်ကြီး