ရန်ကုန်၊ ၁၀ ဇန်နဝါရီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ပေကျင်းမြို့)မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ပေကျင်းမြို့)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ YRTA ဥက္ကဋ္ဌ ဒေါ်နီလာကျော်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ပေကျင်းမြို့)ကိုယ်စား YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးနေဝင်းက အလှူငွေကျပ် သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ YRTA ဥက္ကဋ္ဌ ဒေါ်နီလာကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းအား ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ရခြင်းနှင့် နေ့စဉ်စားဝတ်နေရေးအတွက် ပြင်ပထွက်ခွာနေရသူများ အများဆုံး အသုံးပြုလျက်ရှိသည့် ဘတ်စ်ကားများတွင် စီးနင်းလိုက်ပါသော ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ဝေငှနိုင်ရေးအတွက် ပေကျင်းမြို့ မြန်မာသံရုံးအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း ၂၁၃၉၀၀ ခု၊ လက်သန့်ဆေးရည်နှင့် တစ်ရှူးတို့ကို ပေးပို့လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ YRTA ရန်ပုံငွေနဲ့ဝယ်ယူပြီး ပြည်သူလူထုကို လှူဒါန်းခဲ့တာတွေ၊ အခမဲ့ပေးခဲ့တာတွေရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ မိသားစုကလည်း ကျွန်တော်တို့ကို လှူဒါန်းလို့ ဝေခဲ့တာတွေရှိပါတယ်။ အခု သံရုံးက ပေးပို့လှူဒါန်းမှုတွေကိုလည်း ဝေငှသွားမှာပါ”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။
ပေကျင်းမြို့ မြန်မာသံရုံးအနေဖြင့် PPE အပါအဝင် အခြားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းများ လက်ခံရရှိပါက ဆက်လက်ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


