ရန်ကုန် ၁ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၇) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၊ ရန်ကုန်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၅/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဇန်နဝါရီ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ကွမ်ကျိုးမြို့မှ ခရီးသည် (၁) ဦးအား ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ တွေ့ရှိရသဖြင့် သီးသန့်ခန်း (isolation room) တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိရာ (ယနေ့နံနက်စစ်ဆေးချက်များအရ) လူနာ၏ အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေမှု၊ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာများ ရယူ၍ မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်သည်များကို စစ်ဆေးထားရှိမှု၊ အဆိုပါ လူနာတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကို အဆိုပါစစ်ဆေးမှုများပြုလုပ်နိုင်သော ကမ္ဘာ့တစ်ဝန်းရှိ ဓာတ်ခွဲခန်း (၁၁) ခုသာရှိသည့်အတွက် တစ်ခုသို့ပေးပို့ အတည်ပြုဓာတ်ခွဲ စစ်ဆေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီးမှု။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ယခင်ရောဂါ အဓိပ္ပါယ်သတ်မှတ်ချက်တွင် - “လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ဆေးရုံတက်ရန် လိုအပ်သော အခြေအနေရှိပြီး - လွန်ခဲ့သော (၁၄) ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ ခရီးသွားရာဇဝင်ရှိခြင်း (သို့မဟုတ်) ပြင်းထန် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ဖြစ်ပွားသူ လူနာများအား ကုသကိုင်တွယ်သူ ကျန်းမာရေးဝန်ထမ်းများ (သို့မဟုတ်) ဓာတ်ခွဲအတည်ပြုလူနာနှင့် နီးကပ်စွာထိတွေ့သူများတွင် အဆိုပါ ရောဂါ လက္ခဏာများဖြစ်ပွားပါက သံသယလူနာအဖြစ် သတ်မှတ်ထားရှိခဲ့ရာမှ ယနေ့တွင် အဆိုပါ ရောဂါအဓိပ္ပါယ် သတ်မှတ်ချက်တွင် “ဝူဟန်မြို့ဟု မကန့်သတ်ထားတော့ဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိခြင်းဟု” ပြောင်းလဲသတ်မှတ်ခဲ့မှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန်အတွက် ကျန်းမာရေးအဖွဲ့ (Medical Team) အသင့်ဖွဲ့စည်း ပြင်ဆင်ထားရှိမှု၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်ထားရှိမှု၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးအဖွဲ့နှင့် လေယာဉ်အမှုထမ်းများကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ပြုလုပ်ရန် ဆောင်ရွက်စီစဉ်ထားရှိမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်နှင့် သတင်း အချက်အလက်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှု များ၊ လိုအပ်သော ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေ ဖြန့်ဖြူးထားမှု အခြေအနေများ၊ ကောလဟလသတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်း နှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေး အရေးပေါ်” အနေဖြင့် အထူးဂရုပြု၍ အားထုတ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊
မိမိတို့ ဝန်ထမ်းများသည် ထိုကဲ့သို့ အထူးဂရုပြု အားထုတ်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊
မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေယာဉ် (၂၆) စင်းခန့် နေ့စဉ်ဝင်ရောက်နေပြီး ပျမ်းမျှ (၂၆၈၀) ဦးခန့်ရှိနေသည့်အတွက် ဤခရီးသည်များသည် မြန်မာနိုင်ငံအရပ်ရပ်သို့ သွားရောက်မည့် သူများဖြစ်သဖြင့် ရောဂါရှိသူများပါဝင်ပါက ရောဂါပျံ့နှံ့ဖြစ်ပွားမှုရှိနိုင်ပါကြောင်း၊
ရောဂါဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်လာခြင်း နည်းပါးသွားသည်နှင့် အမျှ မိမိတို့ နိုင်ငံတွင် အဆိုပါရောဂါကူးစက်ဖြစ်ပွားနိုင်ခြေမှာလည်း နည်းပါသွားမည်ဖြစ်ပါကြောင်း၊
နိုင်ငံအချို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးသွားရောက်ခဲ့ခြင်း ရာဇဝင်မရှိသော်လည်း ရောဂါဖြစ်ပွားသော ဝူဟန်ဒေသမှရောက်ရှိလာသော ခရီးသည်များမှတစ်ဆင့် အခြားတစ်ဦးသို့ (လူလူချင်း) ကူးစက်မှုများ တွေ့ရှိနေရပါကြောင်း၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းမှ လာရောက်သူများအား ဆိုက်ရောက်ပြည်ဝင်ခွင့် ဗီဇာ (visa on arrival) ထုတ်ပေးသည့် ကိစ္စရပ်များ ခေတ္တဆိုင်းငံ့ထားရှိပါက ပြည်တွင်းသို့ ရောဂါကူးစက်ပျံ့နှံ့မှုများ နည်းပါးကာ နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊
ထိုသို့ချက်ချင်း ဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများ ယနေ့ နံနက်ပိုင်းတွင် ဆက်သွယ်ပြောကြားပြီး ဖြစ်ပါကြောင်း၊
မိမိတို့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် (၄) ခုရှိ မြို့နယ် (၁၀) ခုတွင် တရားဝင် မြေပြင် နယ်စပ် ဝင်၊ထွက် ဂိတ် အနည်းဆုံး (၂၀) ခန့် ရှိသည်ဟုသိရှိရပါကြောင်း၊
ဥပမာအားဖြင့် ဇန်နဝါရီ ၂၉ ရက်နေ့၌ ဝင်ထွက်သူ (၁၇,၆၂၉) ဦးရှိပြီး သံသယရောဂါလက္ခဏာရှိသူ မတွေ့ရှိရပါကြောင်း၊
ဇန်နဝါရီ ၅ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည် (၁၇၀,၀၀၀) ဦးခန့်၊ မန္တလေးလေဆိပ် (၉၀,၀၀၀) ဦး၊ နေပြည်တော် (၃,၀၀၀) ဦးဝင်ရောက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
နယ်စပ် ဝင်ထွက်ဂိတ်များ အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက်နေ့အတွင်း ဝင်၊ ထွက်သည့် အကြိမ်ပေါင်း (၆၀၀,၀၀၀) ကျော်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) တွင် ဇန်နဝါရီ ၆ ရက်မှ ၃၀ ရက် အတွင်း ဝင်၊ ထွက်သူ (၃၃၀,၀၀၀) ဦးခန့် ရှိပါကြောင်း၊ အဆိုပါ ဝင်၊ ထွက်သွားလာသူများတွင် အများစုမှာ မြန်မာနိုင်ငံသားများဖြစ်သည်ကို သိရှိရပါကြောင်း၊
ဤအချက်များကို အထူးဂရုပြုစဉ်းစားသင့်သည့် အချက်ဖြစ်ပါကြောင်း၊
ထို့ကြောင့် မိမိတို့ အနေဖြင့် မိမိတို့နိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသည်ဦးရေ နည်းပါးစေရေး အတွက် နယ်စပ် ဝင်ထွက်မှုများကိုလျှော့ချခြင်း (သို့မဟုတ်) လတ်တလော ယာယီပိတ်ပင်မှုကို ဆောင်ရွက်ခြင်းကို ထည့်သွင်းစဉ်းစားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ယနေ့ ချက်ချင်း ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမျူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန၊ လေဆိပ်ကျန်းမာရေးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Crd >> Ministry of Health and Sports,Myanmar