တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌‌‌ဆေး Sinopharm ဆေးအလုံး(၅)သန်း doses နှင့် ဆေးထိုးအပ်(၂)သန်း ရောက်ရှိ

ရန်ကုန် မေ ၁၈

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးအလုံး (၁၀) သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းကို လှူဒါန်းမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ပထမအသုတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sichun Airline ဖြင့် Sinopharm ဆေးအလုံး(၅)သန်း doses နှင့် ဆေးထိုးအပ်(၂)သန်း ရောက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor Mr. Tan Shufu နှင့် သံရုံးမှ တာဝန်ရှိသူများကပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာရဲ မင်းထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် ဆေးထိုးအပ်(၅)သန်းကို မေ(၁၉)ရက်တွင်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သန်းနှင့် ဆေးထိုးအပ်များကို မေ(၂၈)ရက်နှင့် (၂၉)ရက်တို့တွင် လည်းကောင်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ပြီး ပေးပို့လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းနှင့် တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်း၏ အကူအညီဖြင့် အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)