နေပြည်တော် အောက်တိုဘာ

ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ်ကာကွယ်ဆေးအကြိမ်ရေ၂၄သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့် အနက် ကာကွယ်ဆေး အကြိမ်ရေ လေးသန်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ ညနေ ၅ နာရီတွင် ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။

အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီး လမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော် (လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီ ဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေး လမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ကြောင်း သိရသည်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီ အစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်သည်။

ယနေ့အထိကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၁၄ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈ သန်း doses ရောက်ရှိပြီးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses (၅)သန်းကျော်ကိုလည်း လက်ခံရရှိပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁ ရက်အထိ လူဦးရေစုစုပေါင်း (၈,၂၆၄,၁၅၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၈၆၃၃၄၄)ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၄၀၀,၈၁၃)ဦး ရှိပြီဖြစ်သည်။

သို့ဖြစ်၍ အောက်တိုဘာ ၁ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း (၁၂,၁၂၇,၅၀၁) ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရှိရသည်။ မိဘပြည်သူများအနေဖြင့် မိမိအတွက်ရရှိ လာသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာန က တိုက်တွန်းနှိုးဆော်ထားသည်။

သတင်းစဉ်