ထိန်ချုံး၊ ဇူလိုင် ၅
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် အစိုးရသို့ လှူဒါန်းသည့် ယွမ်ငွေ ၆ သန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲ၊ ထိန်ချုံးမြို့၌ ကျင်းပသည်။
အခမ်းအနားတွင် ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူသည်။
ထို့နောက် ပေါင်စန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Cheng Dejun က လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကချင်ပြည်နယ်သို့ နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်