ရန်ကုန် ၂၁ ဒီဇင်ဘာ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လူမှုကူညီရေးအဖွဲ့ချုပ် (China Charity federation) နှင့် ရန်ကုန်အခြေစိုက် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဖူဝေအထူးကုဆေးရုံကြီးမှာ မွေးရာပါနှလုံးရောဂါအား ခွဲစိတ်ကုသမှု သွားရောက်ခံယူခဲ့သော ကလေးငယ်ရှစ်ဦးအနက် ကလေးငယ်သုံးဦးမှာ ဒီဇင်ဘာ ၂၀ ရက် ည (၉)နာရီက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ရန်ကင်းကလေးအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 

အဆိုပါကလေးငယ်သုံးဦးအနက် နှစ်ဦးမှာ မွေးရာပါနှလုံးရောဂါအား အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည့်အတွက် ပြန်လာခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ဆေးစစ်ချက်များအရ အချိန်စောင့်ဆိုင်းကုသရန် လိုအပ်သဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ကျွန်မကလေးကတော့ ခွဲစိတ်ကုသမှု မလုပ်ခဲ့ရပါဘူး၊ နောက်နှစ်လောက်မှ ခွဲရမယ်ပြောတယ်။ သွေးကြောလေးတွေ ကြီးလာတဲ့အထိ စောင့်ရမယ်တဲ့။ ဒါပေမဲ့ လိုအပ်တဲ့ ဆေးစစ်ချက်တွေတော့ လုပ်ပေးလိုက်ပါတယ်” ဟု ပဲခူးမြို့မှ ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်သက်စုအောင်က ပြောသည်။ 

 

ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည့် ကလေးငယ်နှစ်ဦးအနက် တစ်ဦးမှာ မော်လမြိုင်မြို့မှဖြစ်ပြီး ကျန်တစ်ဦးမှာ ရန်ကုန်မြို့မှ ဖြစ်သည်။ မော်လမြိုင်မြို့မှ ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်အေးမြတ်သူဇာက “ကျွန်မတို့ကုန်ကျစရိတ်ပိုက်ဆံ မကုန်တဲ့အပြင် စျေးသုံးဖို့ဆိုပြီး စရိတ်ပေးခဲ့ပါသေးတယ်။ အစစအရာရာ အခမဲ့ကူညီခဲ့ကြတာပါ။ သူများတွေက ပြောတယ်။ ဗန်ကောက်မှာ သွားကုရင်တောင် သိန်းသုံးရာလောက် ကုန်မယ်တဲ့။ အဲသလောက် အကုန်အကျခံနိုင်ဖို့ ကျွန်မတို့ မတတ်နိုင်ပါဘူး။ ဒါကြောင့် အခုလို အခမဲ့ကုသနိုင်ဖို့ စီစဉ်ပေးကြသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောသည်။

 

မြန်မာကလေးငယ် ရှစ်ဦးတို့သည် မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဒီဇင်ဘာ ၄ ရက်က ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး ကျန်ရှိသည့်ငါးဦးမှာ လိုအပ်သော ကုသမှုများ ဆက်လက်ခံယူရန် ကူမင်းမြို့၌ ကျန်ရှိခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အေကေလင်း