ရန်ကုန် ၃၀ မတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး၊ ဂျက်မားဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်သံရုံးသံမှူးကြီး မစ္စလီရှောင်ယန်းက ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ထံမှ လှူဒါန်းထားသော Detection Kits ၂၀၀၀ ကျော်၊ PPE အစုံ ၅၀၀၀၊ N95 Mask ၅၀၀၀၊ Surgical Mask ၂ သိန်း အစရှိသည့်ပစ္စည်းများ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဂျက်မား ဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းကိုယ်စား Mr. Ron Aung က N95 Mask ၁ သိန်း၊ Detection Kits ၂၈၈၀၀ တို့အား ပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်


