ရန်ကုန်  ၁၃   ဇန်နဝါရီ 

မကြာမီရောက်ရှိမည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခြင်္သေ့နဂါးအက အဖွဲ့ချုပ်မှကြီးမှူး၍ (၁၅)ကြိမ်မြောက် တရုတ်ရိုးရာခြင်္သေ့နဂါးအက အလှစွမ်းရည်ပြိုင်ပွဲကို လသာမြိူ့နယ် စဉ့်အိုးတန်းလမ်း (အထက်လမ်း)တွင် ပြုလုပ်မည်ဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့ထိပြုလုပ်မည့် ခြင်္သေ့အကအလှစွမ်းရည်ပြိုင်ပွဲတွင် ဆန်ခါတင် ၁၀ သင်းကို ရွေးချယ်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆန်ခါတင် ရွေးချယ်ထားသည့် ၁၀ သင်းနှင့် ယမန်နှစ် ချန်ပီယံအနိုင်ရရှိထားသည့် အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့ပြင် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ လာရောက်ယှဉ်ပြိုင်သည့် ၂ သင်းစီလည်း နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ပါဝင်ယှဉ်ပြိုင်သည့်အသင်းများကို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရွေးချယ်ပေးအပ်ပြီး ကျန်အသင်းများကိုလည်း ဆုများပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံခြင်္သေ့ နဂါးအဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်ကပြောကြားရာတွင် ပြိုင်ပွဲကိုလမ်းကျဉ်းထဲတွင် ကျင်းပရသော်လည်း နှစ်စဉ်လာရောက်ကြည့်ရှုသည့် ပရိသတ်မှာ အလွန်များပြားကြောင်း နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ပြုလုပ်သည့်ပြိုင်ပွဲမှတစ်ဆင့် မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြု ပြည်ပနိုင်ငံများသို့ သွားရောက် ယှဉ်ပြိုင်ရာတွင် ခြင်္သေ့အကအဖွဲ့မှာ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြိုင်ပွဲတွင် ပထမဆုနှင့် ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံပေကျင်းတွင်ပြုလုပ်သည့် ဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့ကြောင်း ပြောကြားသွားသည်။

တရုတ်ရိုးရာ နဂါးပြိုင်ပွဲကိုဇန်နဝါရီ ၃၀ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်သူရ