ပေကျင်း ဒီဇင်ဘာ ၂၉
တရုတ်သမ္မတရှီကျင့်ဖျင်သည် လာမည့်နှစ်တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အိုင်ဂေါ မိုဂူလော့ဖ်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။
ယခုခရီးစဉ်သည် အနောက်အုပ်စုနိုင်ငံများ၏ တရုတ်နှင့် ရုရှားနိုင်ငံများအပေါ် ဖိအားပေးနေမှုများအား တုံ့ပြန် ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အနောက်နိုင်ငံများမှ ဖိအားပေးခြင်းကို တုံ့ပြန်ရေးအတွက် စီးပွားရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန် ရုရှားနိုင်ငံက ကတိပြုထားကြောင်း ၎င်းက ရုရှား နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti သို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။
“နိုင်ငံတကာနယ်ပယ်မှာ အနောက်နိုင်ငံတွေက ရုရှားနဲ့ တရုတ်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတဲ့ ဆောင်ရွက်ချက်ကို မိမိတို့အနေနဲ့ ခုခံမှုနဲ့ဆက်ပြီး တုံ့ပြန်ရမှာဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုပြောကြားသည်။
“အမေရိကန်နှင့် အာရှ-ပစိဖိတ်ဒေသရှိ ၎င်း၏ မဟာမိတ်များသည် တရုတ်နိုင်ငံအပေါ် စစ်ရေးအရ ဖိအားပေးမှုများကို စနစ်တကျ တိုးမြှင့် ဆောင်ရွက်နေသည်”ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - ဆောက်ချိုင်းနားမောနင်းပို့စ်၊ ဘာသာပြန် - စိုးသူရ