၁၇ ဇူလိုင်
တရုတ်နိုင်ငံတွင်းမှာ သုံးစွဲခွင့်ပိတ်ပင်ထားပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဘေဂျင်းရဲ့ မူဝါဒတွေကို ကာကွယ်ရန် တရုတ်သံတမန်တွေက ဆိုရှယ်မီဒီယာ တွစ်တာကို ပိုပြီးသုံးစွဲလာတာကို တွေ့ရပါတယ်။
ပုံမှန်ဆိုရင် တရုတ်တာဝန်ရှိသူတွေဟာ သူတို့ရဲ့ အမြင်တွေကို ဆိုရှယ်မီဒီယာပေါ်ကို တင်လေ့မရှိပေမယ့် ပါကစ္စတန်အခြေစိုက် တရုတ်သံတမန်တစ်ဦးရဲ့အမြင်ကို တွစ်တာပေါ်မှာတွေ့လိုက်ရတာက လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီတစ်ပတ်အတွင်းမှာ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်ဒုတိယသံအမတ်က လူမျိုးရေးခွဲခြားတဲ့အကြောင်းအရာကို တွစ်တာပေါ်တင်လိုက်ပြီး သူ့ကိုယ်သူ ဒုက္ခရောက်စေတာကို တွေ့ရပါတယ်။ ဒုတိယသံအမတ်က “အမေရိကန် လူဖြူတွေက တချို့နေရာတွေကို သွားလေ့မရှိဘူး ဘာကြောင့်လဲဆိုတော့ အဲဒီနေရာတွေမှာ လူမဲနဲ့ လက်တင်တွေသာ” ရှိနေတယ်လို့ ရေးသားလိုက်ပါတယ်။ ဒီစာသားကို ကုလသမ္မဂရဲ့ ဝါရှင်တန်သံအမတ်ဟောင်း ဆူဆန် ရိုက်စ်က “မင်းဟာ ရှက်စရာကောင်းတဲ့ လူမျိုးရေးခွဲခြားသူ ဖြစ်တယ်။ အံ့အားသင့်စရာကောင်းအောင် ဗဟုသုတခေါင်းပါးသူလည်းဖြစ်တယ်”လို့ တွစ်တာကနေ တန်ပြန်ရေးသားခဲ့ပါတယ်။ တရုတ်ဒုသံအမတ်က ရိုက်စ်ကို “ရွံစရာကောင်းပြီး လေးစားစရာမကောင်းတဲ့သူ”လို့ ပြန်လည်ရေးသားလိုက်ပြီးနောက် သူ့ရဲ့ မူရင်းတွီကို ဖျက်လိုက်တာကို တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူ့အမြင်နဲ့ အရေးကြီးတဲ့ ကြေငြာချက်တွေကို တွစ်တာပေါ်မှာ တင်လေ့ရှိပေမယ့် တခြားနိုင်ငံတွေက နိုင်ငံရေးသမားတွေနဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ သူတို့အမြင်ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လေ့မရှိတာကို တွေ့ရပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ People's Daily နဲ့ The Global Times တွေရဲ့ တွစ်တာနဲ့ ယူကျု့ အကောင့်တွေကို နိုင်ငံခြားကနေ အသုံးပြုနေတာဖြစ်ပြီး အသုံး တွင်ကျယ်တာကိုလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံတွင်းမှာ နိုင်ငံခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook နဲ့ Instagram တွေကို နိုင်ငံသားတွေ သုံးမရအောင် အင်တာနက် ဆင်ဆာအဖွဲ့ကနေ တားမြစ်ထားကြောင်း သိရပါတယ်။
ပါကစ္စတန်ရှိ ဒုတိယသံအမတ်နည်းတူ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကလည်း အမေရိကန်ကနေ ထိုင်ဝမ်ကို အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းချမယ့်အကြောင်းနဲ့ပတ်သတ်ပြီး “တရုတ်နိုင်ငံကို ခွဲပစ်ဖို့ကြိုးစားမှုတွေက အောင်မြင်မှာမဟုတ်။ မီးနဲ့ ကစားတဲ့သူဟာ ကိုယ်တိုင် မီးလောင်ခံရမယ်”လို့ ပြီးခဲ့တဲ့သီတင်းပတ် တွစ်တာမှာ ရေးသားခဲ့ပါသေးတယ်။
MDN
ကိုးကား AFP