၃၀  စက်တင်ဘာ

 

၂၀၁၉ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲစတင်ရရှိခဲ့သည်။

 

ဒုတိယနေ့တွင် မြန်မာအသင်းက ဂျီဘရော်လ်တာအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ တရုတ်တိုင်ပေအသင်းက ဟောင်ကောင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။အဖွင့်ပွဲတွင် အရေးနိမ့်ထားသည့် မြန်မာအသင်းသည် နိုင်ပွဲရရန် ကြိုးပမ်းခဲ့ပြီး ဥရောပအသင်းဖြစ်သော ဂျီဘရော်လ်တာအသင်းကို အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဂျီဘရော်လ်တာအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်း တိုက်စစ်ကစားပုံမှာ ပထမပွဲထက် ပိုကောင်းခဲ့ပြီး ၃၈ မိနစ်တွင် အောင်ကိုဦးက အဝေးကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။

 

ယင်းနောက်ပိုင်းတွင်လည်း မြန်မာအသင်းကသာ ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး ၅၆ မိနစ်တွင် ရန်ကျော်စိုးက ဒုတိယဂိုးသွင်းယူခဲ့သည်။ နှစ်ဂိုးပေးလိုက်ရသောကြောင့်ဂျီဘရော်လ်တာအသင်း ဂိုးပြန်ရရန် ကြိုးပမ်းခဲ့ပြီး ချေပဂိုးတစ်ဂိုးပြန်သွင်းနိုင်သော်လည်း မြန်မာအသင်းက ပွဲအပြီးထိ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့သည်။

 

ဒုတိယနေ့အပြီးတွင် အိမ်ရှင်တရုတ်တိုင်ပေအသင်းက ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး မြန်မာနှင့် ဂျီဘရော်လ်တာအသင်းက သုံးမှတ်စီရထားကာ ဟောင်ကောင်အသင်းမှာမူ နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။

 

အုပ်စုနောက်ဆုံးနေ့ကို အောက်တိုဘာ ၁ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနှင့် ဟောင်ကောင်၊ညနေ ၅ နာရီခွဲဲတွင် တရုတ်တိုင်ပေနှင့် ဂျီဘရော်လ်တာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ