မတ် ၄
မကြာမီ(၂၀၁၉၊ မတ်လ ၆ ရက်နေ့မှစတင်၍) ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြရတော့မှာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားအများစုဟာ ဖြေဆိုဖို့ရန်အသင့်အနေအထားကို ရောက်နေလောက်ပါပြီ။ ကြိုတင်ပြင်ဆင်ခြင်း အချိန်ကာလကို ကျော်လွန်ခဲ့ပြီဖြစ်လို့အနီးကပ်ကာလမှာ မောင်တို့ မယ်တို့ အလေးဂရုပြုသင့်တာတွေကို အကြံပြုချင်ပါတယ်။
မေးခွန်းပုံစံအပြောင်းအလဲအားလုံးသိကြတဲ့အတိုင်း ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲမှာ စတင်အသုံးပြုမယ့် မေးခွန်းပုံစံသစ်ဟာ မောင်တို့ မယ်တို့အနေနဲ့ သင်ခန်းစာကို နှုတ်တိုက်အလွတ်ကျက်မှတ်တဲ့ ပုံစံကိုလျှော့ချပြီး တစ်နှစ်ပတ်လုံး သင်ယူလေ့လာဆည်းပူးထားတဲ့သင်ခန်းစာတွေကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်မှုစွမ်းရည်တွေနဲ့ ပေါင်းစပ်ဖြေဆိုရမယ့်ပုံစံကို ဦးတည်ပြောင်းလဲထားတာ ဖြစ်ပါတယ်။ နှုတ်တိုက်အလွတ်ကျက်မှတ်ခြင်းကို လျှော့ချတယ်ဆိုပေမယ့် ဘာသာရပ်တိုင်းမှာ အလွတ်ကျက်မှတ်ရမယ့် ကဏ္ဍတွေရှိပါတယ်။ ဥပမာ- ဓာတုဗေဒဖော်မြူလာတွေ၊ ရူပဗေဒသီအိုရီတွေ၊ ဇီဝဗေဒအမည်နာမတွေ၊ သမိုင်းက ခုနှစ်သက္ကရာဇ်တွေ၊ ပထဝီက လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေ၊ မြန်မာစာခက်ဆစ်၊ အလင်္ကာတွေ၊ အင်္ဂလိပ်စာမီးနင်းတွေ အစရှိသဖြင့်ပေါ့။ ဒါတွေကိုတော့မလွဲမသွေ အလွတ်ကျက်ရမှာပါ။ မောင်တို့၊ မယ်တို့အနေနဲ့လည်း မေးခွန်းပုံစံသစ်အတိုင်း သက်ဆိုင်ရာ ဆရာ ဆရာမတို့က သင်ကြားပြသပေးပြီးဖြစ်လို့ စနစ်တကျ လေ့ကျင့်ဖြေဆိုကြဖို့ လိုအပ်ပါတယ်။
ကျန်းမာရေးမောင်တို့ မယ်တို့ ဖြေဆိုရမည့် ကာလဟာ ပူအိုက်တဲ့ရာသီကို ရောက်ရှိနေပြီဖြစ်သလို အချို့ဒေသတွေမှာ နေ့ပူညချမ်းတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကို သတိမထားဘဲ အနေအထိုင်အစားအသောက် မဆင်ခြင်ဘူးဆိုရင်တော့ ကြိုတင်ပြင်ဆင်အားခဲထားသမျှ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ စာကြည့်ချိန်၊ အနားယူချိန်၊ အိပ်စက်ချိန်တို့က ညီညွတ်မျှတဖို့ လိုအပ်ပါတယ်။ စာကြည့်ချိန်များလွန်းခြင်း၊ ဒါမှမဟုတ် အနားယူချိန်၊ အိပ်စက်ချိန် များလွန်းခြင်း စတဲ့ အစွန်းတရားတွေက ဘေးထွက်ဆိုးကျိုးကို ရစေပါတယ်။ ဒီအတူ အစားမှားခြင်း(ဝမ်းပျက်စာ၊ ဝမ်း လျှောစာ၊ ရင်ပြည့်စာ စသည်)၊ မငိုက်ချင်အောင်၊ မအိပ်ချင်အောင် တားမြစ်ဆေးသုံးစွဲခြင်း၊ ရေချိုးချိန် မမှန်ခြင်း၊ လေအေးပေးစက်၊ ပန်ကာတို့ကို အလွန်အမင်း သုံးစွဲခြင်း စတာတွေကိုအထူးဂရုပြုသင့်ပါတယ်။ စာလုပ်ရတာ ငြီးငွေ့လာရင် (ကြာ လာရင်) ထပြီး ခဏလမ်းလျှောက်တာ၊ တေးဂီတနားထောင်တာ၊ ခေတ္တတုံးလုံးလှဲ အနားယူတာမျိုးတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။ စာမေးပွဲကာလအတွင်း မတော်တဆ ထိခိုက်မှုမရှိအောင်နေကြရမှာဖြစ်သလို စာစစ်ဌာန အသွားအပြန်(ဒါမှမဟုတ်)တစ်နေရာရာသို့ ကိစ္စဖြင့် အသွားအပြန် ပြုရာမှာ ခေါင်းဆောင်းကြရပါမယ်။ (မဆိုစကောင်း) ထိခိုက်ဒဏ်ရာ ရခြင်း၊ ဖျားနာခြင်းများ စာဖြေရက်အတွင်းဖြစ်ပါက သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးထံ တင်ပြပြီး လိုအပ်တဲ့ဥပဒေအရ အခွင့်အရေး (လက်ယာလက် ထိခိုက်မိ၍ အကူဖြေဆိုပေးစေလိုခြင်း၊ ဆေးရုံစာစစ်ဌာနသို့ ပြောင်းလဲဖြေဆိုခွင့်ပေးရေး) စသည်များကို တောင်းဆိုနိုင်ပါတယ်။
မိဘအုပ်ထိန်းသူများနှင့် ပတ်ဝန်းကျင်မိဘအုပ်ထိန်းသူများကို အကြံပြုလိုပါသည်။ မိမိသား သမီး အခြေအနေကိုကြည့်ပြီး သင့်တင့်တဲ့ ကြိုးစားအားထုတ်မှုရှိစေဖို့ အားပေးရပါမယ်။ ဆူပူကြိမ်းမောင်းမှုအစား နားလည်အောင် ညင်သာသိမ်မွေ့စွာ ဆိုဆုံးမရပါမယ်။ ဖိအားမပေးသင့်ပါ။
အစားအသောက်၊ အနေအထိုင်၊ အအိပ်အနေများကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုပြုပေးရမယ့်အစား ညဉ့်နက်သန်းခေါင်စာကြည့်ခိုင်းတာ၊ ဟိုဆေးဒီဆေးတွေ တိုက်တာ၊ ကလေးအနားကပ်ပြီး မြည်တွန်တောက်တီးတာတွေ လုံးဝမလုပ်သင့်ပါဘူး ခင်ဗျာ။ အိမ်တွင်းရေးပြဿနာအပါအဝင် ပတ်ဝန်းကျင်ဆူညံမှုများမှ အတတ်နိုင်ဆုံး ကင်းဝေးအောင် စီမံပေးသင့်ပါတယ်။ မိမိသားသမီးအား ဂမ္ဘီရအစီအရင်များကို လွန်လွန်ကဲကဲ ဆောင်ရွက်ပေးနေပါက အဆင်မပြေနိုင်ပါ။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ရ ကျောင်းသူ ကျောင်းသားများအနေနဲ့ ကြိုတင်ပြင်ဆင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယခုလို စာမေးပွဲအနီးကပ်ကာလမှာ စာကိုအာရုံစိုက်ကျက်မှတ်နေကြပြီး ဖြစ်ပါတယ်။ ဒီကာလမှာ အလှူခံမဏ္ဍပ်အပါအဝင် ပွဲလမ်းသဘင်များရဲ့ အသံချဲ့စက်၊ အိမ်နီးနားချင်းတွေရဲ့တီဗွီ၊ ဗီဒီယို၊ စီဒီ ကာရာအိုကေ စတာတွေ အသံကျယ်ကျယ်ဖွင့်နေတာတွေကို ဆင်ခြင်သင့်ပါတယ်။ တာဝန်ရှိသူများကလည်း စည်းကမ်းဥပဒေအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း ညှိနှိုင်းတားမြစ်ပေးသင့်ပါတယ်။
စာစစ်ဌာနသို့ စာဖြေရန်အသွားမနက် ကိုးနာရီက စတင်ဖြေဆိုရမှာဖြစ်တဲ့အတွက် စာစစ်ဌာနသို့ နာရီဝက်လောက် ကြိုတင်ရောက်နေသင့်ပါတယ်။ ဒါကြောင့် စာစစ်ဌာနသို့သွားမယ့် အစီအစဉ်(ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေကျင်)နှင့် အကွာအဝေးတို့ကို ခန့်မှန်းတွက်ချက်သွားသင့်ပါတယ်။ အိမ်မှ မထွက်ခွာမီ ဖြေဆိုခွင့်ကတ်ပြား၊ စာရေး ကိရိယာ အစုံအလင်ပါ မပါ စစ်ဆေးယူဆောင်သွားကြရမယ်။ ဘောပင်များဟာ မင်အရောင်တူဖြစ်နေရပါမယ်။ ပြာလိုက် နက်လိုက် မဖြစ်ရပါ။ စာစစ်ဌာနသို့ ရောက်တဲ့အခါ မိမိဖြေဆိုရမယ့်အခန်းကို ကြိုတင်ရှာဖွေပါ။ ပထမအချက်ပေးခေါင်းလောင်းထိုးသည်နှင့် တစ်ပြိုင်နက် အဆင်သင့်ဖြစ်နေရပါမယ်။ တောက်ပသစ်လွင်တဲ့ အဝတ်အစားတွေ ဝတ်ဆင်သွားမယ့်အစား ကျောင်းဝတ်စုံ(ဖြူ-စိမ်း)ကိုသာ ဝတ်ဆင်သွားသင့်ပါတယ်။ အဝတ်အစားဟာ ကျပ်ကျပ်တည်းတည်း ဖြစ်မနေသင့်ပါဘူး။ လက်အကွေးအဆန့်အဆင်ပြေမယ့် အဝတ်အစား၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစားကိုသာ ဝတ်ဆင်သင့်ပါတယ်။ အစာရေစာကို လွန်ကဲစွာ စားသုံးထားခြင်းမျိုးတွေကို ရှောင်ကြဉ်ကြပါ။ စာဖြေရန်အတွက်စိတ်ရောကိုယ်ပါ ရွှင်လန်းတက်ကြွနေရပါမယ်။ ဖြေဆိုရမယ့်နေ့ရက်နဲ့ ဘာသာရပ်ကို မလွဲပါစေနဲ့ စာမေးပွဲအချိန်စာရင်းကိုသတိထားကြပါ။
စာဖြေတော့မည်ပထမဦးစွာ အနန္တောအနန္တငါးပါးနဲ့ မိမိကိုယ်စောင့်နတ်အပါအဝင် အားလုံးကို မေတ္တာပို့ပါ။ ပြီးလျှင် အဖြေလွှာပေါ်က သတ်မှတ်တဲ့နေရာမှာ မိမိရဲ့ ခုံနံပါတ်ကို မှန်ကန်ပီသစွာရေးပါ။ တာဝန်ကျဆရာ ဆရာမများက ဖတ်ပြတဲ့ စည်းကမ်းချက်တွေကို ဂရုတစိုက် နားထောင်ပါ။
မသမာသော နည်းလမ်းများနဲ့မဖြေကြပါနဲ့။ သူတစ်ပါးကို မေးမြန်းခြင်း(သို့မဟုတ်) ပြောပြခြင်းများကိုလည်း ရှောင်ကြဉ်ပါ။ မိမိဖြေဆိုရမယ့် နေရာ၊ ထိုင်ခုံ၊ ရေးခုံများက စာရေးဖို့အတွက် အဆင်မပြေဖြစ်နေရင်၊ ယိုင်နဲ့လှုပ်နေရင် တာဝန်ကျဆရာများကို အကျိုးအကြောင်း ပြောပြပြီး လဲလှယ်ပေးဖို့ ခွင့်တောင်းပါ။ အပိုစာရွက်တောင်းရင်အပိုအဖြေလွှာမှာ ခုံနံပါတ်တပ်ပါ။ မူလအဖြေစာအုပ်နဲ့သေချာစွာတွဲချုပ်ဖို့ အရေးကြီးပါတယ်။
ရရှိလာတဲ့ မေးခွန်းကို အသေအချာဖတ်ပါ။ မိမိပိုင်နိုင်သည့် အပုဒ်မှ စတင်ဖြေဆိုပါ။ ပထမဆုံးသော ဖြေဆိုချက်ဟာ မိမိအတွက် First Impression ဖြစ်လို့ သပ်သပ်ရပ်ရပ်အမှားကင်းကင်း ဖြေစေချင်ပါတယ်။ မေးခွန်းနံပါတ်တပ်ပါ။ တစ်ပုဒ်ဖြေပြီးတိုင်း မျဉ်းပိတ်ပါ။ ဘာသာရပ်အားလုံးကို ဖြေဆိုရာမှာ စိတ်ကို တည်ငြိမ်စွာထားပါ။ ပုစ္ဆာ/မေးခွန်းက တောင်းဆိုတာကို သေချာစွာဖြေပါ။ မေးခွန်း/ပုစ္ဆာက တောင်းဆိုတာကို သေချာစွာဖြေဆိုဖို့ စဉ်းစားရတာ ကြာနေမယ်၊ လောလောဆယ် မေ့နေမယ်ဆိုရင် အချိန်ကုန်မခံပါနဲ့။ ထားခဲ့ပါ။ နောက်မှပြန်ဖြေပါ။ သတ်မှတ် ပုဒ်ရေတော့ မကျန်ပါစေနဲ့၊ အားလုံးဖြေ ဆိုပါ။ ပြန်လည်စစ်ဆေးဖို့ အချိန်ချန်ပြီး ပြန်လည်စစ်ဆေးပြီးမှအဖြေလွှာကို အပ်ပါ။
မသန်စွမ်းကျောင်းသူ ကျောင်းသားများအတွက်ယခုနှစ်(၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူပေါင်း ၈၉၀ဝဝဝ ကျော်ရှိပြီး အမြင်အာရုံ၊ အကြားအာရုံနှင့် ခန္ဓာကိုယ်မသန်စွမ်း ကျောင်းသူ ကျောင်းသား ၁၀ဝ ကျော် ဖြေဆိုကြမည်ဖြစ်ကြောင်း၊ ၄င်းမသန်စွမ်းသူများအတွက် သီးခြားစာဖြေခန်းနှင့်အချိန်ပို မိနစ် ၃၀ ပို ပေးထားကြောင်း၊ အမြင်အာရုံနှင့် ခန္ဓာကိုယ်မသန်စွမ်း ဖြေဆိုမယ့်သူတွေက တောင်းဆိုရင် နဝမတန်း ကလေးတွေက ကိုယ်စားရေးပြီး ဖြေခွင့်ပြုကြောင်း၊
အကြားအာရုံမသန်စွမ်းသူတွေအတွက် သက်ဆိုင်ရာသင်တန်း ကျောင်းဆရာတွေက ကြိုတင်လျှောက်ထားရင် သူတို့ရဲ့Sign Language နဲ့ အချိန်ပို ပေးထားတဲ့မိနစ် ၃၀ ထဲကနေ မေးခွန်းကို ရှင်းပြခွင့်ပေးထားကြောင်း စသည်တို့ကို သက်ဆိုင်ရာ ကျောင်းသူ ကျောင်းသားများ မိဘအုပ်ထိန်းသူများ သင်တန်းကျောင်းဆရာများက သိရှိဆောင်ရွက်ပေးကြဖို့ လိုအပ်မှာပါ။ ဆောင်ရွက်ပေးနေကျလည်း ဖြစ်မှာပါ။
အိတ်သွန်ဖာမှောက် ထူးချွန်စွာ ဖြေဆိုနိုင်ဖို့ရန်မောင်တို့ မယ်တို့အနေနဲ့ စာသင်နှစ်စကတည်းက ဂရုတစိုက် လေ့ကျင့် ကျက်မှတ်မယ်၊ ခွင့်ပြုချိန်ကိုက်ဖြေဆိုနိုင်ဖို့ မေးခွန်းဟောင်းတွေကို ဖြေဆိုလေ့ကျင့်ထားကြမယ်၊ နေ့စဉ်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကတစ်ဆင့် တာဝန်ရှိသူ ဆရာကြီး ဆရာမကြီးများရဲ့ ဟောပြောပို့ချတဲ့ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာတွေကို လိုက်နာမှတ်သားမယ်၊ ကျန်းမာရေးလည်း ကောင်းမယ်ဆိုရင်တော့ အခက်အခဲမရှိနိုင်ပါဘူး။
မည်သို့ဆိုစေ မောင်တို့မယ်တို့အနေနဲ့ စာသင်နှစ်တစ်နှစ်လုံး ကြိုးစားကျက်မှတ်ထားခဲ့သမျှတွေကို အိတ်သွန်ဖာမှောက်ထူးချွန်စွာ ဖြေဆိုနိုင်ဖို့အတွက် အခုတတ်အားသရွေ့ အကြံပြု ချက်တွေကို လိုက်နာသင့်လှပါတယ်။ မောင်တို့ မယ်တို့ရဲ့ကျက်မှတ်ထားမှုတွေဟာ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဆန္ဒတို့နဲ့ အချိုး ကျပေါင်းစပ်ကာ မျှော်မှန်းသည့်အတိုင်း အခက်အခဲမရှိ ဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။
မောင်ခိုင်မာ(အထက်မင်းလှ)