နေပြည်တော်   မတ်    ၂၄

တတိယအကြိမ်  အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော်  ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့  တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ  စုစုပေါင်း ၂၁၃ ဦးစလုံး တက်ရောက်သည့်အတွက်  ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့်  အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့်  ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်  ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးက ကော်မတီ၏ တာဝန်၊  လုပ်ပိုင်ခွင့်၊  ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  ဥပဒေကြမ်းကော်မတီကို  အဖွဲ့ဝင် ၁၅  ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ်  ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦးနှင့် အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ် (၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်တို့ကို  တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း  အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးသန်းအောင်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့်  ကော်မတီဥက္ကဋ္ဌအဖြစ်  ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၀)မှ   အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ် (၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း  အမျိုးသားလွှတ်တော်သို့ တင်ပြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်တင်မြင့်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့်  ကော်မတီဥက္ကဋ္ဌအဖြစ်  ကချင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် Jeng Phang နော်တောင်နှင့်  အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ   အမျိုးသားလွှတ်တော်ကိုယ်စားလှယ်   ဦးအောင်တင်မြင့်တို့ကို    တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့တင်ပြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက  အစိုးရ၏   အာမခံချက်များ၊ ကတိများနှင့်  တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ပဲခူး တိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ကော်မတီ၏  တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  အစိုးရ၏  အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ  စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့်  ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့်  ကော်မတီဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် အတွင်းရေးမှူး အဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဦးတို့ကို  တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့  တင်ပြသည်။

ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော်  ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး  အစည်းအဝေးတတိယနေ့ကို  မတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်