မုံရွာ မတ် ၂၀
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ စတင်ကျင်းပရာ မင်းကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းက နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ကလေးဝမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ထောက်ခံသည့် အတွက် နန်းယွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကို သဘာပတိအဖြစ် တင်မြှောက်ကြောင်း အခမ်းအနားမှူးက ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာ ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌလောင်းအဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့် တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းပြီး ကန့်ဘလူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုကိုကျော်က ထောက်ခံသည့်အတွက် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၇)အရ မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့်အား တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာ အရာတော် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက တိုင်းဒေသ ကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့် တစ်ဦးတည်း ကိုသာ အမည်စာရင်းတင်သွင်းပြီး အရာတော် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သန်းထွန်းက ထောက်ခံသည့် အတွက် ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံရသည့် ဦးတင့်လှိုင်မြင့်နှင့် ဦးမျိုးသန့်တို့က သဘာပတိ၏ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။
ထို့နောက် သဘာပတိက တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်ထံ တာဝန်လွှဲအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


