ရန်ကုန် ၂၉ ဖေဖော်ဝါရီ

 

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် တတိယအကြိမ် “ဟံသာဝတီ စနေစာပေဝိုင်း”ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

စနေစာပေဝိုင်းတွင် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ယာယီဥက္ကဋ္ဌ မုံရွာအောင်ရှင် က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

ထို့နောက် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က ၎င်းရေးသားပြုစုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီဖက်ဒရယ်စနစ် ရှုထောင်မှလေ့လာသုံးသပ်ခြင်း စာတမ်းငယ်ကို ဆွေးနွေးပြောကြားသည်။

 

စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းသည်လို့ ပြောပါတယ်။ ဘယ်လို ပြည်ထောင်စု စနစ်လဲ ပြောရမယ်ဆိုရင် အမေရိကန်လို ပြည်ထောင်စုစနစ်လား၊ ဆိုဗီယက်လို ပြည်ထောင်စု စနစ်လား၊ ဘယ်ပြည်ထောင်စု စနစ်လဲ။ ဒါကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ တိုင်းရင်းသားတွေ လိုလားတာက ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတာဖြစ်တဲ့အတွက် စကားလုံး နှစ်ရပ်ကိုပေါင်းပြီး ဒီမိုကရေစီ ဖက်ဒရယ်စနစ် ရှု့ထောင့်ကနေ လေ့လာသုံးသပ်ခြင်း ဆိုပြီး တင်ပြတာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်က “လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကတော့ စနေစာဖတ်ဝိုင်းကို ဆရာကြီး (ဟံသာဝတီဦးဝင်းတင်) တပည့်တွေက မန္တလေးနဲ့ ရန်ကုန်တို့မှာ တစ်လှည့်စီ လုပ်ကြပါတယ်။ ရန်ကုန်မှာ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ဦးဆောင်ပြီး စနေစာဖတ်ဝိုင်း လုပ်တာက သုံး ကြိမ်ရှိပါပြီ” ဟုပြောသည်။

 

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် မန္တလေး၌ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၁၉၇၄ - ၁၉၇၅ ဝန်းကျင်က စာရေးဆရာများ စုစည်း၍ အပတ်စဉ် “စနေစာပေဝိုင်း” အမည်ဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့သည့်  အစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် “ဟံသာဝတီ စနေစာပေဝိုင်း” များကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

သတင်းနှင့် ဓာတ်ပုံ - ညွန့်ကိုကို