ဟားခါး ဧပြီ ၆
တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ ရာနှုန်းပြည့် တက်ရောက်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူက ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ဟားခါးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါက်တာဝုန်ဆွန်းထန်အား အဆိုပြုခြင်းကို လွှတ်တော်သို့ တင်ပြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသည့် ပြည်နယ် ဝန်ကြီးဌာန ခုနစ်ဌာန၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးကို သုံးဦး သတ်မှတ်ပေးနိုင်ရန် အဆိုပြုခြင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို အသိပေး ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


