မြစ်ကြီးနား ဧပြီ ၉
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရသူက အစည်းအဝေး ပဉ္စမနေ့တွင် အဆိုပြုလာသည့် ဒေါ်အေးအေးမော်အား ကန့်ကွက်မှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အစည်းအဝေး ပဉ္စမနေ့တွင် အဆိုပြုတင်သွင်းလာသည့် ဝန်ကြီးဌာနခုနစ်ခု၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သူရ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးအောင်နိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးချန်တန်ခင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါက်တာ အောင်ဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးရဲရင့်ဆွေတို့အား ခန့်အပ်တာဝန်ပေး ရန် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက် မှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ထို့အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူက အဆိုပြု တင်သွင်းလာသည့် ကချင်ပြည်နယ်ဥပဒေချုပ်အဖြစ် ဒေါ်နန်းလှလှအေး၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ဒေါ်ခင်လေးနွယ်တို့အား ခန့်အပ်တာဝန်ပေး နိုင်ရန်နှင့် ကချင်ပြည်နယ် တရားလွှတ်တော်တရား သူကြီးများအဖြစ် အဆိုပြုတင်သွင်းထားသည့် ဦးအောင်မြင့်၊ ဒေါ်ပြုံးပြုံးကြည်၊ ဒေါ်ခင်ပြုံးရီတို့အား ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်မှုမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။
ရှင်းလင်းပြောကြား
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်း ဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေး ရှင်းလင်း ပြောကြားပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက် များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေး ကော်မတီအား အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းနိုင်ရေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီများအား အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းနိုင်ရေး၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအမည်စာရင်း တင်သွင်းနိုင် ကြောင်းကြေညာပြီး တတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ကြောင်းနှင့် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


