ဗန်းမောက်  ၂၅  မတ်    


တတိယအကြိမ် ကတူးတိုင်းရင်းသားများ၏ ရိုးရာပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက်နံနက် ၉ နာရီက စစ်ကိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

1


ရှေးဦးစွာ တတိယအကြိမ် ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်အား တိုင်းဒေသကြီးလွတ်တော် ဥက္ကဋ္ဌ ဦးသန်းနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလထောင်ထန်း ကသာခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုန် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်စိုး ကတူးအမျိုးသားအဖွဲ့ နာယကဦးအောင်တင်ဝင်းတို့က တတိယအကြိမ် ကတူးတိုင်းရင်းသားများရိုးရာပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ်၍လည်းကောင်း၊ စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ဝန်ကြီးချုပ် ကိုယ်စားချင်းတိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ကတူးအမျိုးသား အဖွဲ့နာယကနှင့် ကတူးတိုင်းရင်းသားများ ခေါင်းဆောင်များက ကျေးဇူးတင်စကားများ ပြောကြားကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြ၍ ကတူးတိုင်းရင်းသားရိုးရာအကများဖြင့် ကပြခဲ့ကြသည်။


ထို့နောက် တိုင်း ၊ ခရိုင် ၊ မြို့နယ်တို့မှ တာဝန်ရှိသူများသည် ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်တွင် ပြသထားသည့် ပြခန်းများသို့ လှည်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ကတူးတိုင်းရင်းသားများ ရိုးရာပွဲတော်ကို မတ် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်သို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးရွာတို့မှ တာဝန်ရှိသူများ ကနန်းတိုင်းရင်းသားများ၊ ရှမ်းနီတိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသားများ သတင်းမီဒီယာများနှင့် ကတူးတိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။   


ကိုမင်း(အင်းတော်)