နေပြည်တော် ၄ ဧပြီ
တတိယအကြိမ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ် ဒေသဆိုင်ရာဌာနအကြီးအကဲ H.E. Ambassador Raphaël Nägeli တို့က ဦးဆောင် ကျင်းပခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ ဆွစ်ဇာလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၉-၂၀၂၃) အသစ်အောက်မှ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု မြှင့်တင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားရေးကို ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိ သည့်ကဏ္ဍများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရ၏ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုတို့ကိုလည်း ရှင်းလင်းအသိပေး ခဲ့သည်။ ထို့ပြင် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆွစ်ဇာလန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ M Gallery ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


