မော်လမြိုင် ဧပြီ ၂
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးစတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြားတင်ပြပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဖွဲ့စည်းကြောင်း ကြေညာသည်။
အဆိုပါ ကော်မတီများအား ဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက ကော်မတီများဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးနိုင်ကြောင်း ပြောကြားပြီး တင်ပြဆွေးနွေးမည့်သူမရှိသည့်အတွက် ဥပဒေပြုရေးဆိုင်ရာ ကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး စတုတ္ထနေ့ကို ဧပြီလ ၃ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


