ပဲခူး ဧပြီ ၆
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီး လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး တက်ရောက်ခဲ့ပြီး ရာနှုန်းပြည့် တက်ရောက်သည့်အတွက် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပေးပို့ထားသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်း၊ ဝန်ကြီးဌာန အရေအတွက်နှင့် ဝန်ကြီးဦးရေသတ်မှတ်နိုင်ရေးနှင့် တရားလွှတ်တော်တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပေးပို့ထားသည့် အဆိုပြုချက်နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ကန့်ကွက်မည့်သူ မရှိသဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပဲခူးမြို့မဲဆန္ဒနယ်အမှတ်(၁)အား ခန့်အပ်တာဝန်ပေးကြောင်း ကြေညာခဲ့ပြီး ဝန်ကြီးဌာန ခုနစ်ဌာနနှင့် ဝန်ကြီး ခုနစ်ဦး၊ တရားလွှတ်တော် တရားသူကြီးချုပ် တစ်ဦးနှင့် တရားလွှတ်တော် တရားသူကြီး လေးဦးတို့အား တိုင်းဒေသကြီးလွှတ်တော်သို့ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)


