နေပြည်တော် ဇွန် ၂၉

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကို ယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခုအတည်ပြုခြင်း၊ လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူချိန်တွင် နေထိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မြစ်ကူးတံတားများ အမြန်တည်ဆောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်းလေးခုမေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။   

 

ဦးစွာ အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင်ချက်များဖြင့်အတည်ပြု၍ ပြည်သူ့ လွှတ်တော်သို့ ပေးပို့ထားသည့် “အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် (၇၄)ချက်ကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက သဘောတူသည့် အတွက် လွှတ်တော်ကအတည်ပြုပေးနိုင်ပါရန်နှင့် ဥပေဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် (၄၁) ချက်အား အတည်ပြုပေးနိုင်ပါရန်တင်ပြရာ လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ကြေညာသည်။

 

ထို့နောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် ပြင်ဆင်ချက် တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက် (၁၄) ချက်ကို အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြင်ဆင်လိုသည့်အချက်များကိုဆွေးနွေးကြပြီး ဆန္ဒမဲဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် စော်ရဲ မူလကတ္တရာလမ်းအား ၁၂ ပေမှ ၁၈ ပေ တိုးချဲ့ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေ အကျယ် ကတ္တရာလမ်း ၅ မိုင် ၇ ဖာလုံနှင့် ကျောက်ခင်းလမ်း ၃ ဖာလုံဖြစ်ပါကြောင်း၊ စဉ့်ကိုင်-ဖလံဗိုလ်-စော်ရဲလမ်း၌ ကတ္တရာခင်းရန် ကျန်ရှိသော ကျောက်ခင်းလမ်း ၃ ဖာလုံအား ကတ္တရာလမ်းအဖြစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပထမဦးစားပေးအဖြစ်လည်းကောင်း၊ လမ်းအကျယ် ၁၂ ပေမှ ၁၈ ပေသို့ တိုးချဲ့ဆောင်ရွက်ခြင်းကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သန်လျင်မဲဆန္ဒနယ်မှ ဦးမိုးမြင့်၏ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ လုပ်သက်ပြည့် အငြိမ်းစားယူချိန်တွင် နေထိုင်ရန် အိုး/အိမ်နေရာများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အငြိမ်းစားဝန်ထမ်းများအတွက် အငှားစနစ်ဖြင့် နေထိုင်နိုင်ရန် အဆောက်အအုံ ၁၂ လုံး (အိမ်ခန်း ၅၂၀) ပါရှိသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာ ၁ ခုအား နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၂၁ ခုနှစ်၌ တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လူနေထူထပ်များပြားသော ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် တို့တွင် စီမံကိန်းများချမှတ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အိမ်ခန်းပေါင်း ၅၃၁၆ ခန်း ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း။

 

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပြင် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် ပြည်သူများမှ သက်သာသော နှုန်းထားဖြင့် ငှားရမ်းနေထိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အိမ်ခန်းများလျှောက်ထားနိုင်ပြီး အချိုးကျခွဲဝေ၍အငှားစာချုပ် ချုပ်ဆိုငှားရမ်းခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်း ၄၀၀၊ မန္တလေးမြို့ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌အိမ်ခန်း ၂၂၄ ခန်းထပ်မံဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် နေထိုင်ရန်အခက်အခဲရှိသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် ပြည်သူများကို အချိုးကျ ထပ်မံငှားရမ်းပေးသွား မည်ဖြစ်ပါကြောင်း။

 

တပ်မတော်သားများအတွက် ကာကွယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် စစ်မှုထမ်းဟောင်းအိမ်ရာများ ကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် ပြည်သူများကို တန်ဖိုးနည်း/တန်ဖိုးသင့်/ တန်ဖိုးမြင့် အိမ်ခန်းများ CHID Bank တွင် စုငွေထားရှိပြီး အရစ်ကျငွေပေးသွင်းခြင်း၊ တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းခြင်းစနစ်တို့ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း။

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အိမ်ခန်းပေါင်း ၃၂၀၀၀ ကျော်အား ရောင်းချပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်သက်ပြည့်ပြီးသူများဖြစ်သဖြင့် အစိုးရဝန်ထမ်းအဖြစ် အလုပ်အကိုင် ထပ်မံပေးအပ်နိုင်ခြင်းမရှိပါကြောင်း၊ သက်ဆိုင်ရာပုဂ္ဂလိကဌာနများမှ အလုပ်ရှင်များ၏ အလုပ်ခေါ်စာနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများကိုရရှိစေနိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တနိုင်းမဲဆန္ဒနယ်မှ ဦးမြင့်ကို၏ တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့မှ စစ်ကိုင်းတိုင်းနယ်ခြားအထိ တောင်ပေါ်လမ်း ၁၅ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကချင်ပြည်နယ်၊ တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့အကြား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြို့/ရွာ အဝင်/အထွက် လမ်း ၁ မိုင် ၃ ဖာလုံကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ခင်းလမ်း ၄ မိုင် ဆောင်ရွက်ပေးခြင်း၊ မြေသားတာပေါင်တင်ခြင်း ၂ မိုင် ၃ ဖာလုံ ဆောင်ရွက်ပေးခြင်း၊ Box Culvert ၁၀ ခု တည်ဆောက်ခြင်းနှင့် ဘေလီတံတား ပေ ၉၀ တစ်စင်း တည်ဆောက်ခြင်းတို့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့မှ စစ်ကိုင်းတိုင်းနယ်ခြားအထိ တောင်ပေါ်လမ်း ၁၅ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် နောင်နှစ်များတွင် ဦးစားပေးဆောင်ရွက် နိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးဆင်ဆုန်း၏ ပူတာအို-မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ မေခမြစ်ကူးတံတား အမှတ် ၁/၄၄ ရီဒမ်းတံတားအား အပြီးသတ်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပူတာအို-မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ မေခမြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ တည်ဆောက် ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ၅၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ရီဒမ်းတံတား (အသစ်) အား အပြီးသတ်တည်ဆောက်နိုင်ရန် အဓိကအခက်အခဲမှာ လုပ်ငန်းဆောင်ရွက်နိုင်သည့်ကာလ နည်းပါးခြင်း ဖြစ်ပါကြောင်း။

 

မိုးရွာသွန်းမှုများပြားခြင်းကြောင့် တောင်ပြို၍လမ်းများပိတ်ဆို့ခြင်းနှင့် မြစ်ရေလျှံခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် မေခမြစ်ရေ အတက်/အကျ ပြင်းထန်မြန်ဆန်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သယ်ယူရန် အခက်အခဲများနှင့် လုပ်သားများ ရေရှည်နေထိုင်ရန် အခက်အခဲများကြောင့် နှစ်တစ်နှစ်၏ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင်သာ လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေရှိပါကြောင်း။

 

လျာထားလုပ်ငန်းများအတွက် လိုအပ်သောတည်ဆောက်ရေးပစ္စည်းများကိုလည်း ပူတာအိုမြို့သို့ ကြိုတင်စုပုံထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောလျင်စွာ အပြီးသတ်တည်ဆောက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဇွန် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်