နေပြည်တော် ဇူလိုင် ၁၅
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်း၊ တံတားဆိုင်ရာ အဆင်မြှင့်တည်ဆောက်ပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ သီပေါမဲဆန္ဒနယ်မှ ဦးကောင်းသက်စံ၏ သီပေါမြို့နယ် လောဝ်ခွန်-မူးလေး-တိန်ခမ်း- ဖိုက်ကန် လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဖိုက်ကန်-တဲစန်း-လောဝ်ခွန်-ကွန်ကျောင်း-တိန်ခမ်းလမ်းသည် ၆ မိုင် ၆ ဖာလုံ ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းအား ပထမ အဆင့်အနေဖြင့် ရာသီမရွေးသွားလာနိုင်စေရန် မြေသားလမ်းအပိုင်းအား ကျောက်ခင်းလမ်းအဖြစ် ၁ မိုင် ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျန်ရှိသော မြေသားလမ်းအပိုင်းများအား ကျောက်ခင်းလမ်းဆောင်ရွက်ပြီးစီးပါက ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် နှစ်အလိုက်လျာထားနိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဦးကိုကိုဦး၏ ချမ်းမြသာစည်မြို့နယ် ၁ဝ၉ လမ်း(၅၅x၅၆)ကြားရှိ ပန်းရံတော်ချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ပေးနိုင်ရန်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ချမ်းမြသာစည်မြို့နယ်ရှိ ပန်းရံတော်ချောင်းသည် အရှည် ၂ ဒသမ ၅၂ မိုင်ရှိပြီး အဆိုပါလမ်းပိုင်းတွင် တံတား ၂ စင်းရှိပါကြောင်း၊ ၁၀၉ လမ်း၊ ၅၅ x ၅၆ လမ်းကြားတွင် ပေ ၆၀ အရှည် ပေ ၃၀ အကျယ် တံတား ၁ စင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်း မြို့နယ် အင်းမချောင်းကူး တံတားအနောက်ဘက်မှ မြို့တွင်းသို့ ၃ ဖာလုံခန့်အား လမ်းသားအမြင့် မြှင့်တင် ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က သဲကုန်းမြို့နယ် အင်းမမြို့ ချောင်းကူးအင်းမတံတားမှ အနောက်ဘက် အင်းမမြို့တွင်း ၃ ဖာလုံခန့် လမ်းအပိုင်းသည် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါ အင်းမချောင်းကူးတံတား အနောက်ဘက်မှ မြို့တွင်း မိုင်တိုင်(၁၅၃/၃ နှင့် ၁၅၃/၆)ကြား ၃ ဖာလုံအား လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဖြူးမဲဆန္ဒနယ်မှ ဦးမြင့်ဇော်လင်း၏ ကညွတ်ကွင်း မြို့အနောက် ရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက်ပေးနိုင်မှု ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကညွတ်ကွင်း-မြင်ပင်-ရေအိုးစင်လမ်း၏ လက်ရှိ လမ်းအခြေအနေမှာ အမာခံလမ်း ၇ မိုင် ၅ ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ အမာခံလမ်းပိုင်း ပထမအဆင့်အနေဖြင့် ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ၁ မိုင် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆက်လက်၍ ကျန်ရှိသော အမာခံလမ်းပိုင်းအား ကျောက်ခင်းလမ်းအဖြစ်ဆောင်ရွက်ပြီး ကျောက်ခင်းလမ်း ဆောင်ရွက်ပြီးစီးပါက ၁၂ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် နှစ်အလိုက်လျာထား ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှ မြို့နယ် အမှတ်(၇) ရပ်ကွက်ရှိလမ်းသွယ် ၆ လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မင်းလှမြို့ ပြည်တော်သာအိမ်ရာ အတွင်း၌ ပြည်တော်သာလမ်းသွယ် လမ်းသွယ် ၆ လမ်းရှိပြီး အဆိုပါလမ်းသွယ်များအနက် လမ်းသွယ်(၁ နှင့် ၂)ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကနဦး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ကျန်ရှိနေသည့် လမ်းသွယ်(၃ နှင့် ၄)နှင့် လမ်းသွယ်(၅ နှင့် ၆)တို့ကို ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေး နှစ်တွင် ၁၂ ပေအကျယ် ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ သာပေါင်းမြို့နယ်အတွင်းရှိ သာပေါင်း- ရေနံ့သာ ကားလမ်းမကြီးအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က သာပေါင်း မြို့နယ်အတွင်းရှိ သာပေါင်း-ရေနံ့သာ လမ်းအပိုင်း ၂၃ မိုင်နှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းပိုင်းအား ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဒုတိယအဆင့်အနေဖြင့် အမာခံလမ်းနှင့် မြေသားလမ်းပိုင်းများအား ရာသီမရွေးသွားလာနိုင် မည့် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်အလိုက် လျာထားနိုင်ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာ ထိန်ဝင်း တင်သွင်းသည့် “မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများမှ ရရှိသော ကိန်းဂဏန်းအချက်အလက်များအား စနစ်တကျ ထိရောက်စွာစီမံခန့်ခွဲ၍ နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာမြောက်မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် “အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်” တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရ သို့ တိုက်တွန်းကြောင်းအဆို”နှင့် စပ်လျဉ်း၍ ဝန်းသို မဲဆန္ဒနယ်မှ ဦးစိုးပိုင်က အဆို၏ ရည်ရွယ်ချက်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော ရည်ရွယ်ချက်ဖြစ်သည်ကို အသိအမှတ်ပြုပါကြောင်း၊ သို့ရာတွင် ကော်မရှင်အသစ်တစ်ရပ် ဖွဲ့စည်းခြင်းထက် လက်ရှိဆောင်ရွက်နေသည့်ယန္တရားများကို ပိုမို အားကောင်းအောင်ဆောင်ရွက်ခြင်း၊ ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ အချက်အလက် များကို ထိရောက်စွာအသုံးချနိုင်သည့် စနစ်များ တည်ဆောက်ခြင်းတို့က ပိုမိုအရေးကြီးသည်ဟု ခံစားမိပါကြောင်း၊ ထို့ကြောင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ဆက်လက်အရှိန်အဟုန် မြှင့်ဆောင်ရွက်ရန် လိုအပ်ပါက အမျိုးသားအဆင့် ညှိနှိုင်းရေးယန္တရားကို ဖွဲ့စည်းပုံအတွင်းမှ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သင့်ကြောင်း အဆိုနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးသည်။
တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံ၏လူဦးရေ၊ အသက်အရွယ်ဖွဲ့စည်းပုံ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ မသန်စွမ်းသူဦးရေ၊ သက်ကြီးရွယ်အိုဦးရေ၊ ကလေးသူငယ်ဦးရေ၊ ရွှေ့ပြောင်းနေထိုင်မှု၊ ပြည်တွင်းပြည်ပ သွားရောက် နေထိုင်လုပ်ကိုင်မှု၊ အိမ်ရာအခြေအနေ၊ စက်ပစ္စည်းများနှင့် ယာဉ်ယန္တရားအခြေအနေများအား သိရှိနိုင်သော အခြေခံအချက်အလက်များကို ပေးစွမ်းနိုင်ပါကြောင်း၊ သို့သော် အချက်အလက်ကောင်းများရှိရုံမျှဖြင့် မလုံလောက်ပါကြောင်း၊ ထိုအချက်အလက်များကို စနစ်တကျစုစည်းခြင်း၊ သုံးသပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မူဝါဒချမှတ်ရာတွင် အကျိုးရှိစွာအသုံးချနိုင်မှသာ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိ မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်ကို ဖွဲ့စည်း သင့်ပါကြောင်းအဆိုအား ထောက်ခံဆွေးနွေးသည်။
အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်းက သန်းခေါင်စာရင်း အချက်အလက်များမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံအဖြစ်သို့ ကျန်းမာသော၊ ဉာဏ်ရည် ဖွံ့ဖြိုးသော၊ အာဟာရပြည့်ဝသော၊ လူငယ်လူရွယ်များ ဖြင့်ဖွဲ့စည်းသည့် ပိုမိုကောင်းမွန်သော အနာဂတ် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ အချက်အလက် အသုံးပြုသူများနှင့် ပြည်သူလူထုအားလုံးအတွက် အထောက်အကူပြု ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း အဆိုနှင့်စပ်လျဉ်း၍ ထောက်ခံဆွေးနွေးသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေက ယခုအခါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူပြီးစီးကာ နောက်ဆုံးရအချက်အလက် အသစ်များ ရရှိထားပြီဖြစ်သောကြောင့် ဤအချိန် သည် သက်သေအခြေပြု အမျိုးသားလူဦးရေ မဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်ရန် အသင့်ဆုံးအချိန်ဖြစ်ပါကြောင်း။
လူဦးရေဆိုင်ရာ အခွင့်အလမ်းအရ အလုပ် လုပ်နိုင်သော အသက်အုပ်စု (၁၅-၆၄နှစ်)သည် မှီခိုသူ ဦးရေထက် အချိုးအစားများပြားလာသည့်အခါ ထုတ်လုပ်မှုစွမ်းအားမြင့်တက်ပြီး စီးပွားရေးတိုးတက်မှု ကို တွန်းအားပေးနိုင်ပါကြောင်း၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ ၂၀၂၅ ခုနှစ် သုံးသပ်ချက်အရ မြန်မာနိုင်ငံသည် ယခုအခါ ဤအခွင့်အလမ်းကို အသုံးချရန် အရေးကြီးသောကာလသို့ ရောက်ရှိနေပြီဖြစ်၍ လူငယ်များအတွက် ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်ရန် လိုအပ်ပါကြောင်း။
ကလေးမွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်တမ်း ရှည်လာခြင်းတို့ကြောင့် သက်ကြီးရွယ်အိုဦးရေ တိုးလာခြင်းသည် လူမှုဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီးပွားရေးတို့အပေါ် ဖိအား သက်ရောက်စေသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါကြောင်း အဆိုနှင့်စပ်လျဉ်း၍ ထောက်ခံဆွေးနွေးသည်။
စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးမိုးတင်က ယနေ့ ခေတ်သည် လျင်မြန်စွာပြောင်းလဲနေသော လူမှုစီးပွား အခြေအနေများကို တုံ့ပြန်ရန်ကြိုးစားနေရသည်မှာ အလွန်ခက်ခဲလှပါကြောင်း၊ အချက်အလက်များကို စနစ်တကျကောက်ယူပြီး နိုင်ငံတော်၏ မူဝါဒများ ချမှတ်ရာတွင် အချိန်နှင့်တစ်ပြေးညီ အသုံးချနိုင်မည့် “အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်” ပေါ်ထွန်းလာရန် အလွန်လိုအပ်ပါကြောင်း၊ ကော်မရှင် သာပေါ်ပေါက်လာပါက မည်သည့်ဒေသတွင် ကျွမ်းကျင်မှုလိုအပ်ကြောင်း၊ မည်သည့်လုပ်ငန်းခွင်သို့ လူငယ်အင်အားလွှဲပြောင်းပေးရမည်ကို တိကျသော အချက်အလက်ဖြင့် ညွှန်ပြနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်ဖွဲ့စည်းခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က ကော်မရှင်တစ်ရပ်ဖွဲ့စည်းခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ရေရှည်မဟာဗျူဟာမြောက် အကျိုးကျေးဇူးအဖြစ် ဘတ်ဂျက်နှင့် နိုင်ငံတော် အရင်းအမြစ်များကို လေလွင့်မှုမရှိဘဲ ထိရောက်စွာ သုံးစွဲနိုင်ခြင်း၊ ယခင်က မိမိတို့နိုင်ငံတွင် ဒေသန္တရ ဖွံ့ဖြိုးရေးဘတ်ဂျက်များ ချထားရာတွင် သမိုင်းကြောင်း အရသော်လည်းကောင်း၊ ခန့်မှန်းခြေဖြင့် သော်လည်းကောင်း ခန့်မှန်းခွဲဝေခဲ့ကြခြင်းကြောင့် လိုအပ်ချက်နှင့် ထောက်ပံ့မှုလွဲချော်မှုများ ရှိခဲ့သည်ကို သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ကော်မရှင်က သန်းခေါင်စာရင်းအချက်အလက်များကို Advanced Analytics နည်းပညာဖြင့် တိတိကျကျဆန်းစစ် ပေးမည်ဖြစ်သည့်အတွက် အမှန်တကယ် ဆင်းရဲ နွမ်းပါးမှုအမြင့်ဆုံးဒေသ၊ အလုပ်လက်မဲ့ အများဆုံး ဒေသနှင့် အခြေခံအဆောက်အအုံ အလိုလားဆုံး ဒေသများကို တိကျစွာဖော်ထုတ်ပြီး နိုင်ငံ့ဘဏ္ဍာငွေ တစ်ကျပ်တစ်ပြားမကျန် အထိရောက်ဆုံး ဦးတည် သုံးစွဲနိုင်မည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မရှင်ဖွဲ့စည်းရန်အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို ဇူလိုင် ၁၆ ရက်တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ဇူလိုင် ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


