နေပြည်တော် ဖေဖော်ဝါရီ    ၂၁

 

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြု၍ မိတ်ဆွေသင်္ဂဟများ လှူဒါန်းသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၄၃၂၀ ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်ကြီး ကိုးပါး ကြွရောက်တော်မူကြပြီး  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြုသော နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဆရာတော်ကြီး ကိုးပါးက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၄၃၂၀ ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအစီအစဉ်ကို ဆောင်ရွက်တော်မူကြသည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အလှူရှင်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်လှူဒါန်းခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ကြီးထံမှ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော် စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကြသည်။

 

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၂၂၂ ဆူကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၂၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်း အခမ်းအနားကို ကျင်းပလှူဒါန်းခဲ့ပြီး ယခုတတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၄၃၂၀ ဆူကို ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခြင်းအခမ်းအနား ကျင်းပလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)