စစ်တွေ ဧပြီ ၆

 

တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်း အဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

 

ထို့နောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်း၊ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်သည်။

 

ယင်းနောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက် တင်မြှောက်ခြင်းခံရသော သမ္မတက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးအား အဆိုပြုလာခြင်းကို ပြည်နယ် လွှတ်တော်သို့ ကြေညာခြင်း၊ အမည်စာရင်း အဆိုပြုလာခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ရန်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်း အဆိုပြုလာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့် အတွက် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦးအား အတည်ပြုကြောင်း ကြေညာ သည်။

 

ထို့နောက် ရွေးကောက် တင်မြှောက်ခြင်းခံရသော သမ္မတ က အဆိုပြုသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးဌာန အရေအတွက်၊ ပြည်နယ်ဝန်ကြီး ဦးရေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးရေတို့ကို လွှတ်တော်သို့တင်ပြပြီး ပြည်နယ် လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)