စစ်တွေ ဧပြီ ၉

 

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦးက ရခိုင်ပြည်နယ် လွှတ်တော်၌ ဖွဲ့စည်းရန်လျာထားသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကော်မတီတို့တွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့၏ အမည်စာရင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြသည်။

 

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက အဆိုပါကော်မတီများတွင် ဖွဲ့စည်းတာဝန်ပေးအပ်မည့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့၏ အမည်စာရင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည် စာရင်းကို ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဧပြီ ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

တင်ထွန်း(ပြန်/ဆက်)