နေပြည်တော်၊  ၂၄   ဒီဇင်ဘာ


တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပနိုင်ရေးလေ့လာဆန်းစစ်သည့် အကြိုညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ  ၂၃  ရက်  နံနက်ပိုင်းက  နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

a12332


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းနှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်တို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားများ၏ သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်များကို ပြည်ထောင်စုထာဝရငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးရေး ရိုင်းပင်းကူညီရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းရေး၊ တောတောင်ရေမြေအလှများနှင့် တိုင်းရင်းသား ဒေသအခြေပြု ခရီးသွားလုပ်ငန်းများအပြင် တိုင်းရင်းသားများ၏ ဒေသထုတ်ကုန်၊ ရိုးရာအဝတ်အထည်များ နိုင်ငံတကာသို့ တင်ပို့နိုင်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ပထမအကြိမ်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ဒုတိယအကြိမ်တို့ဖြင့် ပြည်ထောင်စုပွဲတော်ကဲ့သို့ တိုင်းရင်းသား များဆုံဆည်းရာ၊ ရိုးရာယဉ်ကျေးမှုများဖော်ထုတ်ရာ ပွဲတော်များအဖြစ် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒုတိယ အကြိမ်ပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့က တက်ရောက်ချီးမြှင့်ခဲ့ကြပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရသည့် ယခုလိုအခြေအနေတွင် သွေးချင်းတို့ရဲ့ ပွဲတော်ဆီကဲ့သို့  ပွဲတော်များ ကျင်းပဆောင်ရွက်သွားရန် မဖြစ်နိုင်သည့်ကာလလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အနေဖြင့် Webinar, Facebook, MRTV စသည့်လမ်းကြောင်းဖြင့် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို ကျင်းပဆောင်ရွက်လိုကြောင်း သိရှိရသည့်အတွက် စဉ်းစားဆောင်ရွက်သင့်သည့် အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မည်သို့ပင်ဆောင်ရွက်စေကာမူ လူစုလူဝေးဖြစ်ပေါ်စေနိုင်သောအရာ များကို လျော့ချနိုင်သမျှ လျော့ချရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအတွက် ရိုးရာယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သောအရာများဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူများအား ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ရမည်ဖြစ်ပါ၍ တိုင်းရင်းသားများအတွက် ရည်ရွယ်ချက်များ ကောင်းမွန်မှန်ကန်သော်လည်း စဉ်းစားချင့်ချိန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလိုကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် တိုင်းရင်းသားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးကို အဓိကထားကာ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၅ ရက်အထိ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ Virtual Festival အွန်လိုင်းစနစ်ဖြင့် ကျင်းပဆောင်ရွက်လိုခြင်းအား ဝန်ကြီးဌာနသို့ တင်ပြလာမှုနှင့်စပ်လျဉ်း၍ ပွဲတော်ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သည့်အခြေအနေများကို လေ့လာဆန်းစစ်နိုင်ရန် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးညှိနှိုင်းကြရန် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော် တို့က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ကို ကိုဗစ်-၁၉  ကူးစက်ရောဂါ အခြေအနေကြောင့် မြေပြင်တွင် ကျင်းပခြင်းမပြုလုပ်ဘဲ Webinar, Facebook နှင့် MRTV စသည့် Platforms အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်ထိ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင် အသင်းအဖွဲ့များ၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် ကြိုတင်ညှိနှိုင်းထားရှိမှု၊ စီမံချက်ရေးဆွဲထားရှိမှု၊ စီမံချက်နှင့်စပ် လျဉ်း၍ လက်တွေ့ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြသည်။


ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်